မန်စီးတီးရဲ့ပွဲကြီးပွဲကောင်းတွေမှာ မိမိပါဝင်ခွင့်မရတဲ့အတွက် မပျော်ရွှင်ဘူးလို့ အယ်လ်ဗာရက်ဇ် ဝန်ခံ

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ သူပါဝင်ခွင့်မရတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ DSports Radio နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းအပါအဝင် အသင်းကြီးအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ အယ်လ်ဗာရက်ဇ်ကို မရောင်းချချင်ပေမယ့် ပေါင်သန်း(၆၀)၊Add-ons ပေါင်(၁၇)သန်း ပြောင်းရွှေ့ကြေး သတ်မှတ်ထားပြီး ဒီပမာဏနဲ့ ကမ်းလှမ်းမှုပြုလုပ်ရင် ရောင်းချနိုင်တာပါ။ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ပွဲအများဆုံးကစားထားတဲ့ သူတွေထဲက တစ်ဦးဖြစ်ပေမယ့် ပွဲကြီးတွေမှာ ပါဝင်ခွင့်ဆုံးရှုံးခဲ့တဲ့အတွက် မပျော်ရွှင်ဘူးဖြစ်နေပါတယ်။

အယ်လ်ဗာရက်ဇ်က “ကျွန်တော်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းမှာ မိနစ်အများဆုံးရရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ မှန်ပေမယ့် အရေးပါတဲ့ပွဲတွေမှာ ချန်ခံထားရတာကို မကြိုက်ပါဘူး။ ဒီပွဲတွေမှာ ပါဝင်ပြီး အသင်းကိုကူညီချင်ပါတယ်။ အိုလံပစ်ပြိုင်ပွဲပြီးရင် ကျွန်တော့်အနာဂတ်ကို တွေးသွားမှာပါ”လို့ ဆိုခဲ့တာပါ။

၂၀၂၂ က ရေးဗားပလိတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် (၁၀၃)ပွဲပါဝင်ကစားပြီး (၃၆)ဂိုးသွင်းယူကာ ဆုဖလားအောင်မြင်မှုတွေရယူထားတာဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ အယ်လ်ဗာရက်ဇ်အနေနဲ့ အနာဂတ်ကို ဆုံးဖြတ်ပြီးရင် သူတို့ကို အကြောင်းကြားလိမ့်မယ်လို့ အယ်လ်ဗာရက်ဇ်ရဲ့ ပြောဆိုမှုထွက်ပေါ်လာအပြီးမှာ မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *