ချယ်လ်ဆီး၊စပါးတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ ချီယေဆားရဲ့အေးဂျင့် လန်ဒန်ကို ထွက်ခွာ

0

အီတလီလက်ရွေးစင်တောင်ပံကစားသမား ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီဟာ ချယ်လ်ဆီး၊စပါးအသင်းတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ လန်ဒန်ကို ထွက်ခွာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ချီယေဆားကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချချင်နေတာပါ။

ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းနည်းပြသစ် သီယာဂိုမော့တာရဲ့အစီအစဉ်မှာ မပါဝင်တာကြောင့် အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမား ပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့ အသင်းတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ Corriere dello Sport က ချီယေဆားရဲ့အေးဂျင့်ဖြစ်သူဟာ ချယ်လ်ဆီး၊စပါးအသင်းတို့နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ လန်ဒန်ကို သွားရောက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ မန်ယူနိုက်တက်အသင်းကလည်း ချီယေဆားကို ချိတ်ဆက်မှုတွေရှိနေတဲ့အတွက် သူ့ရဲ့အခြေအနေကို ရာသီသစ်မစတင်ခင် ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ မျှော်လင့်နေတာာဖြစ်ပါတယ်။

ချီယေဆားဟာ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတာကြောင့် ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ဂျာမနီနိုင်ငံကို ထွက်ခွာမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ လိုက်ပါသွားမှာမဟုတ်ပါဘူး။ ချီယေဆားအနေနဲ့ အခြားအသင်းတစ်သင်းထံ မပြောင်းရွှေ့ခင် ကောင်းမွန်တဲ့ ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်ဖို့ လိုအပ်နေတာပါ။ ချီယေဆားဟာ ဖီအိုရမ်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ၂၀၂၀ ကအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းအတွက် (၁၃၁)ပွဲပါဝင်ကစားထားပြီး (၃၂)ဂိုးသွင်းယူကာ ဆုဖလား(၃)ခုရယူထားနိုင်ခဲ့ကာ အီတလီအသင်းနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *