ဘာစီလိုနာ၊PSG တို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုနဲ့ နီကိုဝီလီယံစ် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ

0

စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ၊PSG ၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပါတယ်။

နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်လာတဲ့သူပါ။

နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းရဲ့ပိုမိုကောင်းမွန်တဲ့အချက်တွေကြောင့် ၂၀၂၈ ဇွန်အထိရှိမယ့်(၁)နှစ်စာချုပ်သက်တမ်းတိုးဖို့ရှိနေတယ်လို့ The Athletic က ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် နီကိုဝီလီယံစ်ကို အဓိကပစ်မှတ်အဖြစ်ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာပြီး အခြားရွေးချယ်စရာပစ်မှတ်တွေကို ရှာဖွေရတော့မှာပါ။

နီကိုဝီလီယံစ်ဟာ သူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းအပေါ် သစ္စာရှိမှုကို ပြသတဲ့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတာလို့ သိရပါတယ်။ နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းရဲ့လူငယ်အကယ်ဒမီက ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၂၀ မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့တာပါ။ နီကိုဝီလီယံစ်ဟာ ဒီအချိန်ကနေစတင်ပြီး ဘီလ်ဘာအိုအသင်းရဲ့အဓိက ကစားသမားဖြစ်လာခဲ့ကာ ပွဲပေါင်း(၁၂၂)ပွဲပါဝင်ကစားထားပါတယ်။

နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘီလ်ဘာအိုအသင်းကို စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့်(၅)နေရာရပ်တည်အောင်ကူညီပေးနိုင်ခဲ့သလို စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ဦးပါ။ ဘာစီလိုနာအသင်းကတော့ နီကိုဝီလီယံစ်ကို ခေါ်ယူနိုင်ဖို့ မသေချာပြီးနောက် သူ့ရဲ့စပိန်အသင်းဖော် အော်လ်မိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *