ချယ်လ်ဆီးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို အက်သလက်တီကိုပစ်မှတ် ဂယ်လက်ဂါ ပယ်ချ

0

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါဟာ ဇွန်အစောပိုင်းက ချယ်လ်ဆီးအသင်းရဲ့(၃)နှစ်သက်တမ်းတိုးစာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ထပ်မံကမ်းလှမ်းမှုပြုလုပ်ခံခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ချယ်လ်ဆီးနဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပေါင်(၃၃.၇)သန်းနဲ့ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးမှုပြုလုပ်နေတာပါ။

ဂယ်လက်ဂါအနေနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့လုပ်ခလစာအများဆုံးရရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။ ဂယ်လက်ဂါဟာ ၂၀၂၂ တုန်းကလည်း ပွဲကစားချိန်ပိုပြီးရရှိချင်တာကြောင့် ချယ်လ်ဆီးအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဂယ်လက်ဂါဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူဖြစ်ပြီး အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူပါ။

စပိန်သတင်းတွေမှာ ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ဂယ်လက်ဂါဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို အင်္ဂလန်ပြင်ပကလပ်အသင်းတွေထံ ရောင်းချဖို့ကို ပိုပြီးနှစ်သက်တာကြောင့် ပြီးခဲ့တဲ့ ဇွန်က အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးခဲ့တဲ့ ပေါင်(၄၅)သန်းထက် လျှော့ပြီးကမ်းလှမ်းတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။

အသက်(၈)နှစ်အရွယ်ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းအတွက် (၉၅)ပွဲပါဝင်ကစားထားပြီး (၁၀)ဂိုးသွင်းယူကာ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *