ရီးရဲလ်မက်ဒရစ် အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး အာနိုးလ်ကို နူနက်ဇ် နောက်ပြောင်

0

ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ လီဗာပူးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နောက်ပြောင်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အာနိုးလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့သူပါ။

အာနိုးလ်နဲ့ ဒါဝင်နူနက်ဇ်တို့ဟာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားထားကြလို့ အနားယူနေခဲ့ပြီး မကြာသေးခင်ရက်ပိုင်းကမှ ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်ဖို့ လီဗာပူးလ်အသင်းရဲ့AXA လေ့ကျင့်ရေးစင်တာကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်တစ်နှစ်ပဲကျန်ရှိတော့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ဒါဝင်နူနက်ဇ်ဟာ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လူးဝစ်ဒီယက်ဇ်လည်း အတူရှိနေချိန်မှာ အာနိုးလ်ကို နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ သူတို့(၃)ဦးစလုံးက ရယ်မောခဲ့ကြတာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရတာပါ။ talkSPORT က အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းတွေထွက်နေပေမယ့် လီဗာပူးလ်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ကလည်း အာနိုးလ်ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိနိုင်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဩဂုတ်(၁၁)ရက်မှာ ဆီဗီလာအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲမှာ အာနိုးလ်နဲ့ ဒါဝင်နူနက်ဇ်တို့ပါဝင်ကစားနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *