မိမိရဲ့ဖုန်းခေါ်ဆိုမှုကို ဘယ်လင်ဂမ် မကိုင်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တယ်လို့ အန်ဆယ်လော့တီ ဆို

0

အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက သူ့ရဲ့ဖုန်းခေါ်ဆိုမှုကို အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်မကိုင်ခဲ့တဲ့အတွက် ဒေါသထွက်မိခဲ့တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်နိုင်ခြင်းမရှိသေးတာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်စူပါဖလား၊လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးဖြစ်ခဲ့သူပါ။

အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ ကျွန်တော်ဖုန်းခေါ်တဲ့အချိန်မှာ မကိုင်ခဲ့ပါဘူး။ ဗင်နီစီယပ်စ်ကို ခေါ်ခိုင်းတဲ့အချိန်မှာတော့ သူကိုင်ခဲ့ပါတယ်။ ဗင်နီစီယပ်စ်က သူနဲ့ ဖုန်းပြောပြီးတဲ့အချိန်မှာ ကျွန်တော့်ကို သူ့ဖုန်းပေးခဲ့ပါတယ်။ ကျွန်တော်သူနဲ့ စကားပြောခဲ့ပါတယ်”လို့ ဆိုခဲ့တာပါ။

အန်ဆယ်လော့တီဟာ ဘယ်လင်ဂမ်ရဲ့အစောပိုင်းအပြုအမူအတွက် ဒေါသထွက်နိုင်ပေမယ့် ဒီအဖြစ်အပျက်ကို ပြောခဲ့ရာမှာ ရယ်မောနေတာကြောင့် နှစ်ဦးကြားဘာပြဿနာမှမရှိဘူးလို့ ယူဆရပါတယ်။ ဘယ်လင်ဂမ်ဟာ လာမယ့် အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်နိုင်မယ်လို့ နည်းပြ အန်ဆယ်လော့တီက အတည်ပြုထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *