မိမိတို့မန်စီးတီးအသင်းက ကစားသမားသစ်တွေခေါ်ယူဖို့ အလျင်စလို မလုပ်ဘူးလို့ ဂွါဒီယိုလာဆို

0

နွေရာသီအပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုမှာ ငြိမ်သက်နေတဲ့ မန်စီးတီးအသင်းဟာ ကစားသမားသစ်တွေခေါ်ယူဖို့ အလျင်စလိုမလုပ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ဦးသာခေါ်ယူထားပြီး အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အာဂျင်တီးနားကစားသမား အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းထံ ရောင်းချဖို့သဘောတူညီမှုရရှိထားတာပါ။

မန်စီးတီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချခဲ့ပေမယ့် တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေများပြားနေတာကြောင့် စပိန်ကွင်းလယ်လူ ရိုဒရီကို အားဖြည့်ပေးနိုင်တဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတယ်လို့သတင်းထွက်နေပါတယ်။ ရိုဒရီဟာ စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး လာမယ့်အပတ်အစောပိုင်းမှ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုပြုလုပ်ဖို့ရှိနေတာပါ။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ကိုဗာချစ်က ရိုဒရီရဲ့နေရာကို ဝင်ရောက်ကစားဖွယ်ရှိနေပါတယ်။

ဂွါဒီယိုလာက “ဥပမာ ကလပ်တစ်ခုက အခုထက်ပိုပြီးရောင်းချဖို့လိုအပ်မယ်ဆိုရင် ဈေးကွက်အဆုံးမှာ အခွင့်အလမ်းတွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ကျွန်တော်မသိသေးပါဘူး။ ခေါ်ဖြစ်မယ်ဆိုရင် ဗဟိုခံစစ်ကစားနိုင်တဲ့ ကွင်းလယ်သမား ဒါမှမဟုတ် ရိုဒရီနေရာကစားနိုင်တဲ့ ဗဟိုနောက်ခံလူတစ်ဦးပါ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။

အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ပြောင်းရွှေ့ကြေးအများအပြားသုံးစွဲပြီး သူတို့ရဲ့လူစာရင်းကို တောင့်တင်းအောင်လုပ်နေကြပါတယ်။ ဒီအပေါ်မှာ ဂွါဒီယိုလာက သူတို့ဟာ ဒါကို နှစ်ပေါင်းများစွာလုပ်ခဲ့ကြလို့ သတင်းမဖြစ်ဘဲ မန်စီးတီးကသာလုပ်ရင် သတင်းဖြစ်မယ်လို့ တုံ့ပြန်ခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဒီနေ့ကစားမယ့် မန်ယူနိုက်တက်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အပြောင်းအရွှေ့သတင်းတွေထွက်ခဲ့တဲ့ ဂိုးသမား အီဒါဆန်ကို ပွဲထွက်လူစာရင်းအသုံးပြုမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *