မန်ယူနိုက်တက်ပရိသတ်တွေကို ကတိပေးခဲ့တဲ့ အန်တိုနီကို Dominos Pizza လှောင်ပြောင်

0

Dominos Pizza ဟာ ရာသီသစ်မတိုင်ခင် မန်ယူနိုက်တက်အသင်းပရိသတ်တွေကို ကတိပေးမှု ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ပါတယ်။

၂၀၂၂ နွေရာသီအပြောင်းအရွှေ့က အိုင်းယက်စ်အသင်းကနေ ပေါင်(၈၅.၅)သန်းနဲ့ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ နှစ်ရာသီစလုံးခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ဝေဖန်မှုတွေအများအပြားခံနေရသူပါ။

အန်တိုနီဟာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိပြီးနောက် ပွဲဦးထွက်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အပါအဝင် ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၃)ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ထပ်လိဂ်ပွဲစဉ်(၅၁)ပွဲမှာ (၂)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ ဒီနေ့ကစားမယ့် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင်မှာ “ဂိုးသွင်း၊ဂိုးဖန်တီးမှုနဲ့ ပတ်သက်ပြီး အန်တိုနီဆိုတဲ့ နာမည်ကို ခင်ဗျားတို့ကြားရပါလိမ့်မယ်”လို့ ပရိသတ်တွေကို ကတိပြုခဲ့တာပါ။

ဒီအချိန်မှာ Dominos Pizza က အန်တိုနီကို လှောင်ပြောင်ဖို့ သူတို့အတွက် အခွင့်အရေးရလာခဲ့တာကို ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ Dominos Pizza က “ပီဇာပို့ဖို့ သူ့ကိုမယုံကြည်ဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် (၃၈)ပွဲပါဝင်ကစားခဲ့ပြီး (၃)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။

အန်တိုနီက သူ့ရဲ့စွမ်းဆောင်ရည်အပေါ်ကျေနပ်မှုမရှိကြောင်း ဝန်ခံခဲ့ပြီး ရာသီသစ်မှာ ပိုပြီးကောင်းမွန်ဖို့လုပ်ဆောင်နေတယ်လို့ ပြောထားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အန်တိုနီကို ရောင်းချချင်နေပြီး မကြာသေးခင်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *