ဒီလစ်နဲ့ မက်ဇ်ရာအူရီအတွက် ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိ

0

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်နောက်ခံလူ ဒီလစ်နဲ့ မော်ရိုကိုနောက်ခံလူ မက်ဇ်ရာအူရီကို ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်မစတင်ခင်မှာ ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ သူနဲ့ အိုင်းယက်စ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီကိုခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ အစောပိုင်းကတည်းက ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုမရရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နှစ်သင်းစလုံးဟာ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားပြီဖြစ်လို့ အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင်(၃၈)သန်း၊ Add-ons ပေါင်(၅)သန်းပေးချေရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်ကို (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။

မက်ဇ်ရာအူရီအတွက် မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင်(၁၃)သန်း၊ Add-ons ပေါင်(၄)သန်းပေးချေရမှာဖြစ်ပါတယ်။ မက်ဇ်ရာအူရီဟာ မန်ယူနိုက်တက်အသင်းနဲ့ (၅)နှစ်စာချုပ်မှာဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့ဟာ ဝမ်ဘစ်ဆာကာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့်အပေါ်မူတည်နေတာပါ။ နောက်ဆုံးရသတင်းတွေအရ ဝမ်ဘစ်ဆာကာဟာ ဝက်စ်ဟမ်းအသင်းထံ ပေါင်(၁၅)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ဟာ လာမယ့်ရက်ပိုင်းအတွင်း မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်လုပ်ဆောင်ကြတော့မှာပါ။ ဒီကစားသမား(၂)ဦးစလုံးဟာ မန်ယူနိုက်တက်အသင်းအတွက်ပွဲဦးထွက်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *