မန်စီးတီးကို ပြန်မယ်လို့ သတင်းတွေထွက်နေချိန်မှာ ဂျာမနီအသင်းက အနားယူလိုက်တဲ့ ဂွန်ဒိုဂန်

0

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဂွန်ဒိုဂန်(၃၃ နှစ်)က ဂျာမနီလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဂွန်ဒိုဂန်ဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ၂၀၁၁ ခုနှစ်က စတင်ကစားခဲ့ပြီး နိုင်ငံတကာကစားသမားဘဝ(၁၃)နှစ်အတွင်း နိုင်ငံတကာပွဲ(၈၂)ပွဲကစားခဲ့ပြီး (၁၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဂွန်ဒိုဂန်ဟာ တူရကီနွယ်ဖွား ဂျာမန်လူမျိုးတစ်ဦးဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ ပထမဆုံး တူရကီနွယ်ဖွားကစားသမားဖြစ်ပါတယ်။

သူ့အနေနဲ့ လက်ရှိကလပ် ဘာစီလိုနာအသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းမှာ ပြန်ကစားတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီလို အနာဂတ်လှုပ်ခတ်တဲ့သတင်းတွေထွက်နေချိန်မှာပဲ ဂွန်ဒိုဂန်က နိုင်ငံတကာဘောလုံးသမားဘဝကို အဆုံးသတ်လိုက်တာပါ။

ဂွန်ဒိုဂန်ဟာ ၂၀၂၃ နွေရာသီမှာ မန်စီးတီးကနေ ဘာစီလိုနာအသင်းကိုရောက်ရှိလာခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် (၅၁)ပွဲကစားကာ (၅)ဂိုးသွင်းယူခဲ့ပြီး ဖလားလက်မဲ့ရာသီကို ကြုံတွေ့ခဲ့ရပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ (၇)ရာသီအတွင်း ပထမဆုံးအနေနဲ့ ဖလားလက်မဲ့ရာသီကို ကြုံတွေ့ရတာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့ မန်စီးတီးအသင်းကို ဂွန်ဒိုဂန်ပြန်လာမယ်ဆိုရင် လမ်းဖွင့်ပေးထားကြောင်း ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *