ကွင်းအတွင်း ကြမ်းတမ်းမှုတွေ၊ ရမ်းကားမှုတွေ မပြီးဆုံးသေးတဲ့ တူရကီ ဘောလုံးလောက

0

တူရကီဘောလုံးလောကဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီအတွင်း ဘောလုံးကွင်းအတွင်း ဒိုင်လူကြီးကို အသင်းပိုင်ရှင်က တိုက်ခိုက်မှု၊ ကစားသမားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှု၊ ကစားသမားတွေကို ပြိုင်ဘက်ပရိသတ်တွေက တိုက်ခိုက်မှု အစရှိတဲ့ ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေကြောင့် နာမည်ပျက်ခဲ့ရပါတယ်။

ဒီလို ဆိုးရွားတဲ့အဖြစ်အပျက်တွေရှိခဲ့တဲ့ တူရကီဘောလုံးလောကအနေနဲ့ ဒီရာသီမှာလည်း ဒီလို ကြမ်းတမ်းမှုတွေ၊ ရမ်းကားမှုတွေ မရပ်တန့်သေးဘူးဆိုတာ ဖီနာဘာချီ(၂-၂)ဂေါ့ဇ်တီပီပွဲမှာ သက်သေပြခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ကွင်းထဲဝင်လာတဲ့ ဖီနာဘာချီအသင်းဥက္ကဋ္ဌအလီကော့ခ်ဟာ ပရိသတ်တစ်ဦးရဲ့တွန်းလှဲခြင်းကို ခံခဲ့ရပြီး ပွဲကြည့်စင်ပေါ်က ပုလင်းနဲ့ ပစ်ပေါက်တာကို ခံခဲ့ရပါတယ်။

ကွင်းထဲအတင်းပြေးဝင်လာသူတစ်ဦးက အလီကော့ခ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုလင်းနဲ့ ပစ်ပေါက်ခဲ့တာက ပရိသတ်ထဲကဖြစ်လို့ ဘယ်သူ့ကို ဘာရည်ရွယ်ချက်နဲ့ ပစ်ပေါက်ခဲ့တာလဲဆိုတာတော့ မသိရပါဘူး။

အလီကော့ခ်ကို လုံခြုံရေးတွေက အကာအကွယ်ပေးပြီး ကွင်းပြင်ကို ခေါ်ထုတ်သွားရပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး ဒီလိုဖြစ်ရပ်တွေက တူရကီဘောလုံးလောကမှာ ကစားသမားတွေရော၊ နည်းပြတွေသာမက အသင်းတာဝန်ရှိသူတွေ၊ ပရိသတ်တွေအတွက် အန္တရာယ်မကင်းဘူးလို့ ဥရောပမီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ် (TFF)က ဘောလုံးကွင်းတွေအတွင်း လူံခြုံရေးတွေတိုးမြှင့်ချထားပေမယ့် တကယ်တမ်း ပြဿနာဖြစ်လာတဲ့အခါ ထိရောက်မှုအပြည့်အ၀ မရှိတာလည်းတွေ့ရပါတယ်။

ဖီနာဘာချီအသင်းဟာ နာမည်ကျော်နည်းပြမော်ရင်ညိုကိုင်တွယ်နေပြီး တူရကီစူပါလိဂ်မှာ (၂)ပွဲကစား (၁)ပွဲနိုင်(၁)ပွဲသရေ (၄)မှတ်ရရှိထားပြီး အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *