ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ဖို့ ကစားသမားတွေကို ကာရေဂါ တိုက်တွန်း

0

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါက ကစားသမားတွေအနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ကြဖို့တိုက်တွန်းသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်ကို ပေါင်(၄၆)သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီးနောက် ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့အပြောင်းအရွှေ့မူဝါဒကို ဝေဖန်ခဲ့ပြီး ကစားသမားတွေကိုလည်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ကြဖို့ ပြောလာခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအများအပြားကို ခေါ်ယူထားတာကြောင့် လူစာရင်းထဲမှာ ကစားသမားဦးရေ(၄၀)ကျော်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမားစတာလင်အပါအဝင် နာမည်ကြီးကစားသမားအချို့ကို လူစာရင်းကနေ ချန်လှပ်ခံရတာပါ။ စတာလင်ကတော့ လူစာရင်းက ချန်လှပ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းသိချင်ကြောင်း ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလေဦးဆောင်တဲ့ အစုအဖွဲ့က လွန်ခဲ့တဲ့(၂)နှစ်က ဝယ်ယူအပြီးမှာ ကစားသမား(၄၄)ဦးကို ပေါင်(၁)ဘီလီယံကျော်အထိ အသုံးပြုပြီးဝယ်ယူခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီကစားသမားတွေထဲက အနည်းငယ်ကိုသာ ကလပ်အသင်းဘက်က အသုံးပြုခဲ့တာပါ။ အဲ့ဒါကြောင့် ကာရေဂါက ကစားသမားတွေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ကြဖို့ Sky Sports ကို ပြောခဲ့ပါတယ်။

ကာရေဂါက “ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေဝယ်ယူတာကို ရပ်တန့်ဖို့လိုသလို ကစားသမားတွေလည်း ချယ်လ်ဆီးထံ ပြောင်းရွှေ့မှုကို ရပ်တန့်ဖို့လိုပါတယ်။ ကစားသမားတွေအနေနဲ့ သင့်တော်တဲ့ကလပ်မှာ (၄)နှစ်စာချုပ်ချုပ်ပြီး ကောင်းမွန်စွာလုပ်နိုင်ရင် စာချုပ်သက်တမ်းတိုးလာမှာဖြစ်သလို ငွေကြေးတန်ကြေးတွေလည်း တက်လာမှာပါ။ ဘာကြောင့်(၇)နှစ်စာချုပ်ချုပ်ချင်တာလဲဆိုတာ ကျွန်တော်နားမလည်ဘူး”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကာရေဂါက ကစားသမားဦးရေ(၄၀)ကျော်ရှိတဲ့အသင်းအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကိုလည်း ပြောခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလဈေးကွက်မပိတ်ခင်မှာ ကစားသမားအများအပြားကို ရောင်းချဖို့လုပ်ဆောင်နေပြီး ဒီအထဲမှာ လူကာကူ၊ဘင်ချီဝဲလ်၊စတာလင်တို့လို နာမည်ကြီးကစားသမားတွေ ပါဝင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *