နိုင်ငံအသင်းကို အိုလံပစ်မှာ ငွေတံဆိပ်ယူပေးပြီးနောက် ပြင်သစ် ယူ-၂၁ နည်းပြရာထူးက အွန်နရီ နုတ်ထွက်

0

ပြင်သစ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီဟာ ပြီးခဲ့တဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ငွေတံဆိပ်ရရှိအောင်ကိုင်တွယ်ပေးခဲ့ပြီးနောက် ပြင်သစ်ယူ-၂၁ အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့ပါတယ်။

အသက်(၄၇)နှစ်အရွယ်ရှိ အွန်နရီဟာ ပြင်သစ်ယူ-၂၃ အသင်းကို ပါရီအိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် စပိန်အသင်းကို အချိန်ပိုမှာ(၃-၅)ဂိုးနဲ့ အရေးနိမ့်ပြီး ငွေတံဆိပ်သာရရှိခဲ့တာပါ။

အွန်နရီဟာ ၂၀၂၃ ကမှ ပြင်သစ်ယူ-၂၁ အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အွန်နရီရဲ့စာချုပ်ဟာ လာမယ့်နှစ် ဆလိုဗက်ကီးယားမှာကျင်းပမယ့် ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲအထိ သက်တမ်းရှိနေတာပါ။ ဒါပေမယ့် အွန်နရီဟာ ပြင်သစ်ယူ-၂၁ အသင်းနည်းပြရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အွန်နရီက “ကျွန်တော့်နိုင်ငံအတွက် အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရယူပေးနိုင်ခဲ့တာက ကျွန်တော့်ဘဝရဲ့အကြီးမားဆုံးဂုဏ်ယူမှုတစ်ခုပါပဲ။ ကျွန်တော့်ကိုဒီလိုအံ့သြစရာကောင်းတဲ့ အခွင့်အရေးပေးခဲ့တဲ့ FFF နဲ့ ဥက္ကဋ္ဌတို့ကို ကျေးဇူးတင်သလို ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အွန်နရီဟာ ပြင်သစ်ယူ-၂၁ အသင်းကို နည်းပြအဖြစ်မကိုင်တွယ်ခင် မိုနာကိုနဲ့ မွန်ထရီရယ်လ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ ရောဘတ်တိုမာတီနက်ဇ်ရဲ့လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *