တစ်သင်းလုံးကို အပြောင်းအရွှေ့ဈေးကွက်ထဲ လိုင်ယွန်ထည့်သွင်းထားတယ်လို့ ပြင်သစ်မီဒီယာ ဖော်ပြ

0

လိုင်ယွန်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလဈေးကွက်မပိတ်ခင်မှာ သူတို့ရဲ့ဘဏ္ဍာရေးရောင်းချမှုပစ်မှတ်ကို ရောက်ရှိဖို့ ကြိုးပမ်းမှုနဲ့ အသင်းတစ်သင်းလုံးကို အပြောင်းအရွှေ့ဈေးကွက်မှာ ထည့်သွင်းထားတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြထားပါတယ်။ လိုင်ယွန်အသင်းဟာ သူတို့ရဲ့ကစားသမားတွေကို မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ L’Equipe ရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။

လိုင်ယွန်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ယူရိုသန်း(၁၀၀)အထိ ရရှိဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။ L’Equipe က လိုင်ယွန်အသင်းဟာ သူတို့ရည်မှန်းထားတဲ့ ပစ်မှတ်ကို ရောက်ဖို့ဆိုရင် ယူရို(၇၅)သန်းလိုအပ်နေသေးတယ်လို့ ဆိုထားတာပါ။ လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့(၂)လအတွင်းမှာ ယူရို(၁၃၄)သန်းသုံးစွဲထားပြီး ပြင်သစ်မှာရှိတဲ့ အခြားကလပ်တွေထက် ပိုပြီးသုံးစွဲထားတာဖြစ်ပါတယ်။

လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်က နော်တင်ဂမ်ဖောရက်စ်နောက်ခံလူ နီယာခါတီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရို(၃၄)သန်းနဲ့ ခေါ်ယူထားတာပါ။ လိုင်ယွန်အသင်းဟာ ပြင်သစ်လိဂ်ဘဏ္ဍာရေးစောင့်ကြည့်သူတွေရဲ့နောက်ထပ်ကန့်သတ်မှုတွေကို ရှောင်နိုင်ဖို့အတွက် လီဂူး-၁ ဘဏ္ဍာရေးတာဝန်ရှိတဲ့သူတွေကို ဒီနွေရာသီအပြောင်းအရွှေ့ကာလရောင်းချမှုကနေ ယူရိုသန်း(၁၀၀)စုဆောင်းနိုင်မယ်လို့ ပြီးခဲ့တဲ့လက အာမခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လိုင်ယွန်အသင်းဟာ (၈)ရက်အတွင်းမှာ ယူရို(၂၄)သန်းကျော်သာ စုဆောင်းထားနိုင်တာပါ။ လိုင်ယွန်အသင်းဟာ ပြင်သစ်လီဂူး-၁ ရာသီသစ်အဖွင့်ပွဲစဉ်မှာ ရန်းစ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *