ဘာစီလိုနာမှာ တစ်ရာသီကြာ ကစားပြီးနောက် အသင်းဟောင်းမန်စီးတီးထံ ဂွန်ဒိုဂန် ပြန်လည်ပြောင်းရွှေ့

0

ဂျာမနီကွင်းလယ်လူဟောင်း ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းက ထွက်ခွာပြီးနောက် ဘာစီလိုနာအသင်းမှာ တစ်ရာသီကြာသာကစားကာ အသင်းဟောင်း မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ဇွန်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတာပါ။

ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက (၇)နှစ်ကြာ ပွဲပေါင်း(၃၀၄)ပွဲပါဝင်ကစားပြီး ဂိုး(၆၀)သွင်းယူကာ ဆုဖလားပေါင်း(၁၄)လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ကျောနံပတ်(၁၉)ဝတ်ဆင်သွားမှာပါ။ ဂွန်ဒိုဂန်က နည်းပြ ဂွါဒီယိုလာနဲ့ နေ့တိုင်းအလုပ်အတူတူတွဲလုပ်ရင် ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ရှိနေပြီး မန်စီးတီးအသင်းအင်္ကျီထပ်ပြီးဝတ်ဆင်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ စာချုပ်ချုပ်ဆိုအပြီးမှာ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကစားသမားသစ်အော်လ်မိုကို စာရင်းသွင်းနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ကလပ်အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂွန်ဒိုဂန်ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့တာပါ။ ဂွန်ဒိုဂန်ကလည်း သူ့ရဲ့ထွက်ခွာမှုက ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို အကူအညီပေးနိုင်မယ်ဆိုရင် သူအနည်းငယ်ပဲ စိတ်မကောင်းဖြစ်မိမယ်လို့ ဘာစီလိုနာအသင်းကို နှုတ်ဆက်တဲ့ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

ဂွန်ဒိုဂန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ တောင်ပံကစားသမား ဆာဗင်ဟိုပြီးနောက် မန်စီးတီးအသင်းကို ရောက်ရှိလာတဲ့ ဒုတိယမြောက်ကစားသမားဖြစ်ပါတယ်။ ဂွန်ဒိုဂန်အနေနဲ့ ဒီတစ်ပတ်မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အစ်ဝစ်ချ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *