နည်းပြ တီဒက်စ်ကိုလက်ထက်မှာ ဘယ်လ်ဂျီယံအတွက် မိမိ မကစားတော့ဘူးလို့ ဂိုးသမားကော်တိုအာ ကြေညာ

0

ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တိုအာက လက်ရှိဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ တီဒက်စ်ကိုလက်ထက်မှာ သူဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် မကစားတော့ဘူးလို့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ကြေညာသွားခဲ့ပါတယ်။ ကော်တိုအာနဲ့ တီဒက်စ်ကိုတို့ဟာ ပြီးခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ လူသိရှင်ကြား အဆင်မပြေမှုတွေဖြစ်ပျက်ခဲ့တာပါ။

ကော်တိုအာဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ပြန်ကောင်းမွန်လာခဲ့ပြီး ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကော်တိုအာဟာ ဘယ်လ်ဂျီယံအသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ ကော်တိုအာဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ သူ့ကို ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်အဖြစ် မရွေးခဲ့လို့ နည်းပြနဲ့ အငြင်းပွားမှုတွေဖြစ်ပြီး လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။

တီဒက်စ်ကိုက ကော်တိုအာဟာ အသင်းအတွင်းလေးစားမှုမရှိဘဲ ဘယ်လ်ဂျီယံအသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။ ကော်တိုအာကတော့ တီဒက်စ်ကိုရဲ့ပြောဆိုမှုကို ငြင်းခဲ့ပြီး သူဟာ ဒူးဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်းလူစာရင်းကနေ ထွက်ခွာခဲ့တာလို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်ကတည်းက တီဒက်စ်ကိုနဲ့ ကော်တိုအာတို့အကြားမှာ တင်းမာမှုတွေဖြစ်ခဲ့တာပါ။

ကော်တိုအာက “ဒီနည်းပြလက်အောက်မှာ ဘယ်လ်ဂျီယံအသင်းအတွက် ပြန်မကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ကျွန်တော်ယူရမယ့်တာဝန်တွေကို ကျွန်တော်လက်ခံပါတယ်။ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်။ သူတို့ကလည်း ဒါကို လက်ခံခဲ့ပါတယ်။ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဒါက ဘယ်လ်ဂျီယံအတွက် အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ ယုံကြည်တယ်”လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

၂၀၁၁ မှာ ဘယ်လ်ဂျီယံအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ကော်တိုအာဟာ နိုင်ငံအသင်းအတွက် (၁၀၂)ပွဲကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရရှိအောင် လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *