ဩဂုတ် ၁၇ ရက်နေ့ရဲ့အကြိုက်ဆုံး ပွဲကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

မန်ယူနိုက်တက် – ဖူလ်ဟမ်
(17 August 2024/ 1:30 am)

ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းနည်းပြတန်ဟတ်က ပြိုင်ပွဲအတွက် သူ့အသင်းက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလိုက်တယ်။

ဒါက တကယ်လို့ ဒီပွဲမှာအနိုင်မရခဲ့ရင်(ဒါမှမဟုတ် ကံဆိုးပြီး) ရှုံးနိမ့်ခဲ့ရင်ဆိုတဲ့ အခြေအနေအတွက် ကြိုကာတဲ့ စကားတစ်ခွန်းလိုပဲ။

မန်ယူနိုက်တက်အသင်းမှာ ကစားသမားသစ်ယိုရို၊ ရှော၊ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ လာမာစီယာ အစရှိတဲ့ နောက်ခံလူတွေနဲ့ တိုက်စစ်မှူးဟွိုင်လန်းတို့ ဒဏ်ရာရနေပြီး ဖူလ်ဟမ်မှာတော့ ဒဏ်ရာရသူကင်းရှင်းနေတယ်။

ဒါကြောင့် တန်ဟတ်က သူ့အသင်းက ဒီပြိုင်ပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ဆိုခဲ့ပြီး ယူရို၊ ကိုပါအမေရိကပြိုင်ပွဲတွေကြောင့် ကစားသမားတွေ ပြင်ဆင်လေ့ကျင့်ရက် အပြည့်အဝမရခဲ့တာကိုလည်း ညည်းညူခဲ့တယ်။ ဒီလိုအခြေအနေမျိုးက အသင်းအတော်များများကြုံတွေ့နေရတာဖြစ်လို့ သိပ်ထူးဆန်းတဲ့အရာတော့မဟုတ်ဘူး။

မန်ယူနိုက်တက်နောက်ခံလူတွေ အတော်များများဒဏ်ရာရနေတာကြောင့် ဒီပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့နယ်သာလန်နောက်ခံလူ ဒီလစ်၊ မော်ရိုကိုနောက်ခံလူမက်ဇ်ရာအူရီတို့ကိုတောင် ပွဲထွက် သုံးချင်သုံးနိုင်တယ်။ ဒါလော့ပ်၊ မာတီနက်ဇ်တို့နဲ့အတူ ဒီကစားသမားသစ်(၂)ဦးတွဲကစားရနိုင်တယ်။ ကွင်းလယ်မှာတော့ ကက်စီမီရို၊ မေနူး၊ ဂါနာချို၊ မောင့်၊ ဖာနန်ဒက်စ်တို့ကို သုံးပြီး ရပ်ရှ်ဖို့ဒ်ကိုအထောင်ထားတဲ့ 4-2-3-1 ပုံစံကိုပဲ နည်းပြတန်ဟတ် သုံးဖို့များတယ်။

ဖူလ်ဟမ်မှာက မနှစ်က ခြေစွမ်းပြခဲ့တဲ့ ပယ်လ်ဟင်ညာမရှိတော့ဘဲ အာဆင်နယ်က ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးကို ပွဲထွက်သုံးနိုင်တယ်။ စမစ်ရိုးအနေနဲ့ အသင်းရဲ့ဂိုးသွင်းတာဝန်ကို အဓိကယူမယ့် ဘရာဇီးလ်တိုက်စစ်မှူးမူနစ်ကို ဘယ်လောက်အထိ အထောက်အပံပေးနိုင်မလဲ ကြည့်ရမယ်။

ဖူလ်ဟမ်ဆိုတာ အရင်ကတော့ မန်ယူနိုက်တက်အတွက် ခက်ခဲတဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ သမိုင်းတစ်လျှောက် တွေ့ဆုံမှု(၉၁)ကြိမ်မှာလည်း မန်ယူနိုက်တက်အနေနဲ့ (၅၆)ပွဲတောင် နိုင်ခဲ့တယ်။ (၁၅)ပွဲပဲ ရှုံးခဲ့တယ်။ ပရီးမီးယားလိဂ်မှာ (၃၄)ပွဲရင်ဆိုင်ခဲ့ရာမှာလည်း မန်ယူနိုက်တက်က (၄)ပွဲပဲ ရှုံးခဲ့ဖူးတယ်။

ဒါပေမယ့် နောက်ဆုံးတွေ့ခဲ့တဲ့ပွဲမှာ ဘက်ဆေ၊ အီဝိုဘီတို့ရဲ့ဂိုးတွေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို (၂-၁)နဲ့အနိုင်ယူသွားတာတော့ မမေ့သင့်ဘူး။ သေချာတာတော့ Excuse တွေများနေတဲ့ တန်ဟတ်အတွက် ဖူလ်ဟမ်က ခက်ခဲစေလိမ့်မယ်။ မန်ယူနိုက်တက်အတွက် အိမ်ကွင်းဖြစ်ပေမယ့် ဖူလ်ဟမ်ရဲ့တုံ့ပြန်အားကြောင့် ဂိုးများများပြတ်ဖို့မလွယ်သလို အနိုင်ရဖို့လည်း ရုန်းကန်ရလိမ့်မယ်။ မန်ယူ(၂-၁)ဖူလ်ဟမ်လိုရလဒ်မျိုး တွေ့ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *