အကယ်ဒမီမှာ ကလေးတစ်ဦးကို နှိပ်စက်လို့ အရေးယူခံရတဲ့ ဆွန်ဟောင်မင်ရဲ့ ဖခင်နဲ့ အစ်ကို

0

စပါးအသင်းရဲ့တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ရဲ့ဖခင်ဖြစ်သူဆွန်ဝုန်ဂျန်းနဲ့ အစ်ကိုဖြစ်သူဆွန်ဟောင်ယွန်တို့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ “ဆွန်”အကယ်ဒမီမှာ ကျောင်းသားလူငယ်လေးတစ်ဦးကို နှိပ်စက်ခဲ့တဲ့လုပ်ရပ်အတွက် ဒဏ်ကြေးငွေပေးဆောင်ခဲ့ရပါတယ်။

“ဆွန်”အကယ်ဒမီက တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်မြို့ရဲ့အရှေ့မြောက်ဘက် (၄၅)မိုင်အကွာလောက်မှာရှိတဲ့ ချွမ်ချွန်းမြို့မှာရှိပြီး ဆွန်ဟောင်မင်ကိုအားကျတဲ့ လူငယ်ဘောလုံးသမားလေးတွေ တက်ရောက်ပညာသင်ယူနေတဲ့ သင်တန်းကျောင်းလည်းဖြစ်ပါတယ်။

အခုနှစ်ဧပြီလအတွင်း ဒီအကယ်ဒမီက ကျောင်းသားတစ်ဦးကို ဆွန်ဝုန်ဂျန်းနဲ့ နည်းပြ(၂)ဦးက အလံတိုင်နဲ့ ရိုက်နှက်ခြင်းအပါအဝင် ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ ဒီနည်းပြ(၂)ဦးထဲက တစ်ဦးက ဆွန်ဟောင်မင်ရဲ့အစ်ကိုဖြစ်သူဆွန်ဟောင်ယွန်ဖြစ်ပါတယ်။

ဒါ့အပြင် အကယ်ဒမီက ကလေးတွေကို ဆွန်ဝုန်ဂျန်းနဲ့ နည်းပြတွေက ကြမ်းတမ်းစွာကိုင်တွယ်ပြီး ဆဲဆိုမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဒဏ်ရာရခဲ့တဲ့ကလေးဟာ ပေါင်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး (၂)ပတ်ကြာလောက် အနားယူကုသခဲ့ရကြောင်း သိရပါတယ်။ ဒီကျောင်းသားရဲ့မိဘက ရဲတပ်ဖွဲ့ဆီတိုင်ကြားခဲ့တာကြောင့် တောင်ကိုရီးယားတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

ဆွန်ဟောင်မင်ရဲ့ဖခင် ဆွန်ဝုန်ဂျန်းဟာ တောင်ကိုရီးယားမှာ ထင်ရှားကျော်ကြားသူဖြစ်ပြီး သူ့သားကို နာမည်ကျော်ပရီးမီးယားလိဂ်ကစားသမားဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲလို့ သူရေးသားခဲ့တဲ့ စာအုပ်ကလည်း အရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး တိုက်စစ်မှူးအဖြစ် ကစားခဲ့သူပါ။

တောင်ကိုရီးယားတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ဆွန်ဝုန်ဂျန်းနဲ့ နည်းပြ(၂)ဦးကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေအရ ဒဏ်ငွေချမှတ်အရေးယူခဲ့သလို၊ ကလေးသူငယ်တွေကို ဆက်ဆံပုံနဲ့ ပတ်သက်တဲ့ပညာပေးအစီအစဉ်တွေကို တက်ရောက်သင်ယူဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ဆွန်ဝုန်ဂျန်းက သူ့ရဲ့လုပ်ရပ်အတွက် ပြန်တောင်းပန်ခဲ့ပေမယ့် သတင်းတွေမှာ စွပ်စွဲဖော်ပြနေသလို ကလေးငယ်တွေကို အကြောင်းမဲ့ နှိပ်စက်နေတာမဟုတ်ကြောင်း၊ ကလေးတွေ ဘောလုံးပညာတတ်မြောက်စေလိုစိတ်နဲ့ စေတနာလွန်လုပ်ဆောင်မိခြင်းသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *