မူးယစ်ရမ်းကားလို့ ပွဲကြီးကြပ်ခွင့် (၅)လ ပိတ်ခံခဲ့ရတဲ့ ပိုလန်လူမျိုး ဒိုင်လူကြီး(၂)ဦး

0

ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုလန်လူမျိုးဒိုင်လူကြီး(၂)ဦးကို မလျော်ကန်တဲ့လုပ်ရပ် ကျူးလွန်ခဲ့ကြတဲ့အတွက် ပွဲကြီးကြပ်ခွင့် (၅)လပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ ဆိုင်းငံ့(၇)လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်(၇)ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒိုင်နမိုကိဗ်(၁-၁)ရိန်းဂျားစ်ပွဲမတိုင်မီညက ဒီပိုလန်ဒိုင်(၂)ဦးက မူးယစ်ရမ်းကားခဲ့ကြတာပါ။

ယူကရိန်းကလပ်ဒိုင်နမိုကိဗ်အသင်းရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဒီပွဲကို ရှရှားကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းမှာ မကစားဘဲ ပိုလန်နိုင်ငံ၊ လူဘလင်မြို့မှာ ကစားခဲ့ပါတယ်။

ဒီပွဲမှာ VAR ဒိုင်နဲ့ လက်ထောက် VAR ဒိုင်အဖြစ်တာဝန်ယူရမယ့် ဖရန်ကောစကီးနဲ့ မူဆီယယ်လ်တို့ဟာ ပွဲမတိုင်ခင်ညသန်းခေါင်ကျော်မှာ လူဘလင်မြို့အတွင်း လမ်းမပေါ်မှာ လူမှန်းသူမှန်းမသိ မူးယစ်ပြီး သောင်းကျန်ခဲ့ကြတာပါ။

သူတို့(၂)ဦးနဲ့ အခြားအရက်သေစာ သောက်စားမူးယစ်နေသူတစ်ဦးဟာ ကားလမ်းမနံဘေးက လမ်းညွှန်ဆိုင်းဘုတ်ကို ဖြုတ်ခိုးသယ်ဆောင်ခဲ့ကြပြီး ကင်းလှည့်နေတဲ့ ရဲတွေက သူတို့ကို တွေ့ရှိရာကနေ ဖမ်းဆီးခံခဲ့ရပါတယ်။

(၃)ဦးစလုံး အခြေအနေဆိုးရွားစွာ မူးယစ်နေတာကြောင့် ရဲတွေက သူတို့ကို အရက်မူးသမားတွေ ထိန်းသိမ်းရေးစင်တာကို ခေါ်ဆောင်သွားရပြီး အဲဒီမှာ ညအိပ်စေခဲ့ရပါတယ်။

သူတို့ရဲ့ဖြစ်ရပ်ကို ကြားသိပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဒိုင်နမိုကိဗ်(၁-၁)ရိန်းဂျားစ်ပွဲမှာ VAR ဒိုင်တွေကို အလျင်အမြန်အစားထိုးခဲ့ရပါတယ်။

ဖရန်ကောစကီး(၃၇ နှစ်)ဟာ UEFA ရဲ့ပထမတန်းစား ဒိုင်စာရင်းဝင်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဖီဖာဒိုင်လူကြီးအဖြစ် အသိအမှတ်ပြုခံခဲ့ရသူြုဖစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ တက်လမ်းရှိနေတဲ့ ဖီဖာဒိုင် ဖရန်ကောစကီးအတွက် များစွာနစ်နာစေတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *