စက်တင်ဘာလ ၁ ရက်နေ့ရဲ့ အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

ချယ်လ်ဆီး – ခရစ္စတယ်ပဲလေ့စ်
(1 Sep 2024/ 7:00 pm)

နယူးကာဆယ် – စပါး
(1 Sep 2024/ 7:00 pm)

မန်ယူနိုက်တက် – လီဗာပူးလ်
(1 Sep 2024/ 9:30 pm)

ချယ်လ်ဆီး – ခရစ္စတယ်ပဲလေ့စ်

(ပရီးမီးယားလိဂ်)

ချယ်လ်ဆီးက ပွဲစဉ်(၂)မှာ ဝုလ်ဗ်စ်ကို အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းပြီး ပရိုမိုးရှင်းဆင်းသွားတယ်။ နောက်ပွဲကျတော့ ဆွစ်ကလပ်ဆာဗက်ကို (၁-၂)ဂိုးနဲ့ ရှုံးပြီး ဥရောပပြိုင်ပွဲက ထွက်ရဖို့ ပရိသတ်တွေ စိုးရိမ်ခဲ့ရတဲ့အခြေအနေကို ဖန်တီးခဲ့တယ်။

တကယ်တမ်း ချယ်လ်ဆီးအသင်းရဲ့လူစာရင်းနဲ့ဆို ချန်ပီယံဆုကို အေးအေးဆေးဆေးစိန်ခေါ်လို့ရတဲ့အနေအထားမှာရှိသင့်တယ်။ ဆန်ချိုလည်းရောက်လာပြီဆိုတော့ တိုက်စစ်မှာ ဂျော်အိုဖီးလစ်၊ ဂျက်ဆန်၊ မူဒရစ်၊ မာဒူအက်ကေ၊ ဂူအီ၊ ပါမား၊ နက်တို အစရှိတဲ့ ကစားသမားအစုံအလင်နဲ့ လိုအပ်တာထက် ပိုလျှံတဲ့တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်။

ပထမဆုံးအိမ်ကွင်းပွဲဦးထွက်ပွဲမှာ မန်စီးတီးအသင်းကို (ဝ-၂)ဂိုးနဲ့ ရှုံးခဲ့တဲ့ချယ်လ်ဆီးအနေနဲ့ အိမ်ကွင်းမှာ ပွဲဦးထွက် (၂)ပွဲဆက်မရှုံးအောင်ကစားရမှာဖြစ်တယ်။ လွန်ခဲ့တဲ့ (၄၆)နှစ်အတွင်းမရှိခဲ့တဲ့ ဒီဆိုးရွားတဲ့ မှတ်တမ်းကို ချယ်လ်ဆီးအသင်းရှောင်လွှဲဖို့ ကြိုးစားနိုင်မှာပါ။

ခရစ္စတယ်ပဲလေ့စ်က ပွဲဦးထွက်(၂)ပွဲလုံးမှာ ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဟမ်းတို့ကို ရှုံးထားပြီး ရမှတ်ဘဲဥမကွဲသေးဘူး။ နည်းပြဂလက်စနာအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေကတည်းက ပွဲတိုင်းဂိုးပေးနေရတဲ့ နောက်တန်းကို မပြင်နိုင်သေးဘူး။ နောက်ခံလူတချို့ဒဏ်ရာကြောင့် အနားပေးထားရတာကလည်း ဂလက်စနာအတွက် အသင်းကို ပြင်ဆင်ဖို့ အခက်အခဲဖြစ်စေတယ်။

ခရစ္စတယ်ပဲလေ့စ်အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရင် ရလဒ်ကောင်းမရတာများတယ်။ လန်ဒန်မြို့ခံတွေထဲမှာတော့ ပဲလေ့စ်က ချယ်လ်ဆီးအသင်းရဲ့ငယ်နိုင်အသင်းလို့လည်းပြောလို့ရတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲ(၃၀)မှာ (၂၄)ပွဲကို ချယ်လ်ဆီးက အနိုင်ရခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ (၁၃)ပွဲဆက်တိုက်လည်းနိုင်ထားတယ်။

အိမ်ကွင်းနိုင်ပွဲရလဒ်လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းကို ခရစ္စတယ်ပဲလေ့စ် ခံကစားဖို့မလွယ်ပါဘူး။ ဒီပွဲ ချယ်လ်ဆီးကို ယုံလို့ရနိုင်ပါတယ်။ ချယ်လ်ဆီး(၃-၁)လိုရလဒ်နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းမိတယ်။

နယူးကာဆယ် – စပါး

(ပရီးမီးယားလိဂ်)

နယူးကာဆယ်က အသင်းကြီးစာရင်းကို တိုးဝင်လာမလားလို့ ထင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးထိန်းချုပ်မှုတွေကြောင့် ငွေကြေးကန့်သတ်သုံးစွဲနေရပြီး အသင်းကလည်း မျှော်မှန်းထားသလောက်ဖြစ်မလာသေးဘူး။ ပိုဆိုးတာက ဒီရာသီအစမှာ အသင်းက နည်းနည်းအကျပိုင်းကို ရောက်လာတာပဲ။

အသင်းရဲ့တိုက်စစ်ပိုင်းက တည်ငြိမ်မှုနည်းနေပြီး သွင်းဂိုးတွေလည်း အတော်ကျဆင်းသွားခဲ့တယ်။ နောက်ဆုံးကစားထားတဲ့(၃)ပွဲမှာ တစ်ပွဲ(၁)ဂိုးထက်ပိုမသွင်းနိုင်ဘူး။ ကစားရတာလည်း ထိပ်သီးအသင်းတွေမဟုတ်ဘဲ ဆောက်သမ်တန်၊ ဘုန်းမောက်၊ ဖောရက်စ်အစရှိတဲ့အသင်းတွေနဲ့ ကစားခဲ့ရတာဖြစ်တယ်။

ဘော့မန်း၊ လက်ဆဲလ်၊ ကာလမ်ဝီလ်ဆင်၊ ဝီလော့ခ်၊ လူးဝစ်မီလေအစရှိတဲ့ကစားသမားတွေက ဒဏ်ရာကြောင့် ဒီပွဲလွဲမှာဖြစ်ပြီး ဖေဘီယန်ရှားကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါနိုင်ဦးမှာမဟုတ်ဘူး။

စပါးက ဆုဖလားတွေမရသေးပေမယ့် ပြီးခဲ့တဲ့ရာသီက ဟာရီကိန်းခေတ်လွန်ကာလကို ကောင်းကောင်းဖြတ်သန်းပြနိုင်ခဲ့သလို ဒီရာသီမှာလည်း သူတို့ရဲ့ထက်မြက်တဲ့တိုက်စစ်ကို အဲဗာတန်နဲ့ပွဲမှာ ပြနိုင်ခဲ့တယ်။

ရစ်ချာလီဆန်၊ ဘန်တန်ကာ၊ ဆိုလန်ကီ အစရှိတဲ့ကစားသမားတွေ ဒီပွဲကစားနိုင်မှာမဟုတ်သေးသလို အူဒိုဂီ၊ ဗန်ဒယ်ဗန်အစရှိတဲ့ ကစားသမားတွေလည်း မသေချာဘူး။ ဒါပေမယ့် ပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့တဲ့ အော်ဒိုဘတ်၊ ကွင်းလယ်မှာ ခြေစွမ်းပြနေဆဲ ဆား၊ ဘစ်ဆူးမား၊ မက်ဒီဆန်အစရှိသူတွေနဲ့ ဆွန်ဟောင်မင်တို့ရဲ့ပေါင်းစပ်မှုက တိုက်စစ်အားကောင်းတဲ့ အသင်းအဖြစ် စပါးကို တွေ့ရဦးမှာဖြစ်တယ်။

ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေမှာ ထူးခြားတာက ဂိုးမြူးကြတာဖြစ်ပြီး သမိုင်းတစ်လျှောက် (ဝ-၀)ပွဲလုံးဝမရှိခဲ့ဘူး။ ဒီပွဲလည်း နှစ်သင်းအပြန်အလှန်ဖွင့်ကစားပြီး ဂိုးများဦးမယ်လို့ ယူဆရတယ်။ စပါးကိုတော့ ပိုအကြိုင်တွေ့မိတယ်။ စပါးအနိုင်(၃-၂)လို ရလဒ်မျိုးကို တွေ့ရနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မန်ယူနိုက်တက် – လီဗာပူးလ်

(ပရီးမီးယားလိဂ်)

မန်ယူနိုက်တက်က ပွဲစဉ်(၁)မှာ ဖူလ်ဟမ်ကို (၁-ဝ)ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် ပွဲစဉ်(၂)မှာ ဘရိုက်တန်ကို နောက်ကျဂိုးနဲ့ ရှုံးခဲ့ရတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေရှိတာကို အကြောင်းပြစရာတစ်ခုလို ပြောလို့ရပေမယ့် လုံလောက်တဲ့အချက်တော့မဟုတ်သေးဘူး။

အသင်းမှာ ရှိတဲ့လူစာရင်းနဲ့ ဒီထက်မက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသင့်နေပြီလို့ ပြောရမယ်။ ဒီရာသီအစမှာ အရင်ကထက် ပိုကောင်းလာသယောင်ရှိပေမယ့် ခြေစွမ်းတည်ငြိမ်မှုမရှိတာ၊ နောက်တန်းကစားသမားတွေ ပွဲကစားရင်း အာရုံလျော့ပါးတာတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်။

လီဗာပူးလ်က ကလော့ပ်အလွန်ကာလကို ပရိသတ်တွေ စိုးရိမ်ခဲ့ကြပေမယ့် အာနီဆလော့လက်ထက်မှာ အသင်းက အရင်နည်းပြတွေထက်တောင် အစကောင်းနေသေးတယ်။ ပွဲဦးထွက်(၂)ပွဲလုံးအနိုင်ရတဲ့အပြင် ဂိုးမပေးရသေးဘူး။

အသင်းမှာ ကာတစ်ဂျူံးစ်ကလွဲပြီး ကစားသမားတွေ လူစုံတက်စုံရှိနေတယ်။ အာနီဆလော့အနေနဲ့ ပြီးခဲ့တဲ့ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်း Line up ထုတ်ဖို့များပြီး ဒီလူစာရင်းက သူ့ရဲ့အကြိုက်ဆုံးလူစာရင်းလည်းဖြစ်တယ်။ ချီယေဆာကိုတော့ ဒီပွဲအရန်လောက်ပဲ ပါလာဖို့များတယ်။

ပြီးခဲ့တဲ့နွေရာသီ ခြေစမ်းပွဲမှာ လီဗာပူးလ်က မန်ယူနိုက်တက်ကို (၃)ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ(၃)ပွဲမှာ မန်ယူနိုက်တက်ကို လီဗာပူးလ်မနိုင်ခဲ့ဘူး။ အသင်းကြီးတွေနဲ့တွေ့ရင် ခြေစွာတဲ့လီဗာပူးလ်ကို မန်ယူနိုက်တက်က ပရီးမီးယားလိဂ်(၂)ကျော့စလုံး သရေကစားခဲ့ပြီး FA ဖလားမှာ (၄-၃)ဂိုးနဲ့တောင် အနိုင်ယူကျော်ဖြတ်ခဲ့တယ်။

မန်ယူနိုက်တက်က အခြားအသင်းတွေနဲ့ကစားရင်သာ ခြေညံ့ချင်ညံ့မယ်။ အသင်းကြီးတွေနဲ့တွေ့ရင် ကစားသမားတွေက သေသေချာချာအာရုံစိုက်ကြိုးစားကစားတဲ့အပြင် အသင်းခြေစွမ်းကလည်း လမိုင်းကပ်ပြီးကောင်းလေ့ရှိတယ်။

ဒီပွဲ လီဗာပူးလ်ဘက်က အသာရတာမှန်ပေမယ့် ခြေစွမ်းအတက်အကျခန့်မှန်းရခက်တဲ့ မန်ယူနိုက်တက်ကြောင့် ဒီပွဲကို အိမ်ရှင်အသင်းဘက်က မနေရင်တောင် ဆန့်ကျင်ဖို့ စဉ်းစားရမယ်။ ဖြစ်နိုင်ခြေများတာတော့ မန်ယူနိုက်တက်အိမ်ကွင်းမှာ မရှုံးအောင် ခံကန်ရင်း သရေကျမယ်ထင်တယ်။ (၁-၁)(၂-၂)လို ရလဒ်မျိုးကိုတွေ့ရမယ့်ပွဲလို့ပဲ သုံးသပ်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *