အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို အနိုင်ရပြီးနောက် စံချိန်မှတ်တမ်းတွေရရှိခဲ့တဲ့ အာနီဆလော့ပ်နဲ့ ဆာလာ

0

မန်ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (ဝ-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ပ်နဲ့ အီဂျစ်တိုက်စစ်မှူးဆာလာတို့ဟာ ပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်း​ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အာနီဆလော့ပ်ဟာ သူ့ရဲ့လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲ(၃)ပွဲကို ဆက်တိုက်အနိုင်ရခဲ့တဲ့အပြင် ဒီ(၃)ပွဲစလုံး ဂိုးမပေးရဘဲ Clean Sheet တွေ ရယူနိုင်ခဲ့ပါတယ်။

ဒီလို မှတ်တမ်းမျိုးကို ပရီးမီးယားလိဂ်မှာ ရယူနိုင်ခဲ့တာက ပြီးခဲ့တဲ့ရက်ပိုင်းက ပန်ခရိယကင်ဆာရောဂါဝေဒနာခံစားရပြီးနောက် ကွယ်လွန်သွားတဲ့ ဆွီဒင်လူမျိုးနည်းပြ ဆဗန်ဂိုရန် အဲရစ်ဆင်ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ မန်စီးတီးအသင်းကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ၂၀၀၇-၀၈ ရာသီတုန်းက ပွဲဦးထွက်ပရီးမီးယားလိဂ်ပွဲ(၃)ပွဲကို ဆက်တိုက်အနိုင်ရခဲ့တဲ့အပြင် ဒီ(၃)ပွဲစလုံး ဂိုးမပေးရဘဲ Clean Sheet တွေ ရယူနိုင်ခဲ့တာပါ။

အခုဒီလို ထူးခြားမှတ်တမ်းမျိုးကို အာနီဆလော့က ရယူနိုင်ခဲ့ပြီး လီဗာပူးလ်ပရိသတ်တွေရဲ့ယုံကြည်မှုအုတ်တံတိုင်းတွေကို စိုက်ထူနိုင်ခဲ့တာပါ။

ဆာလာအနေနဲ့လည်း အရင်ပရီးမီးယားလိဂ်မှာ တစ်ဦးတည်းသာ တင်ရှိခဲ့ဖူးတဲ့ အလန်ရှီးယားရဲ့စံချိန်တစ်ခုကို လိုက်မီနိုင်ခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူနိုက်တက်အသင်းနဲ့ ကစားတဲ့ နောက်ဆုံးပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက်မှာ ဆာလာဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့သွင်းဂိုးစုစုပေါင်းက (၁၀)ဂိုးအထိရှိလာခဲ့ပါတယ်။

ဒါကြောင့် ဆာလာအနေနဲ့ ပြိုင်ဘက်အသင်းတစ်သင်းရဲ့အိမ်ကွင်းမှာ (၁၀)ဂိုးပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက်ပရီးမီးယားလိဂ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရှီးယားက လိဒ်စ်အသင်းရဲ့အယ်လန်ရုတ်ဒ်ကွင်းမှာ ကစားတဲ့ပွဲတွေဆိုရင်ဂိုးမြူးလေ့ရှိပြီး ပြိုင်ပွဲစုံ(၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *