အိုစီမန်ကို အငှားနဲ့ခေါ်ယူဖို့ ဂါလာတာစာရေး ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်

0

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။
|
အိုစီမန်နဲ့ နာပိုလီအသင်းတို့ရဲ့ဆက်ဆံရေးဟာ လုံးဝကွဲအက်သွားခဲ့ပြီဖြစ်ပြီး နာပိုလီအသင်းဟာ သူ့ကို စီးရီးအေလူစာရင်းမှာ ချန်လှပ်ခဲ့သလို ကလပ်ရဲ့အစီအစဉ်မှာ ထည့်သွင်းခြင်းမရှိတော့ပါ။

အဲ့ဒါကြောင့် အိုစီမန်အနေနဲ့ နာပိုလီအသင်းမှာ ဆက်ရှိနေရင်လည်း ပွဲကစားခွင့်ရရှိတော့မှာ မဟုတ်တာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမပိတ်ခင်မှာ အိုစီမန်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် (၂)သင်းစလုံးရော၊ကစားသမားကပါ သဘောတူညီမှုမရခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာပါ။ ဒါ့အပြင် နာပိုလီအသင်းဟာ အိုစီမန်အတွက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းရဲ့ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် အိုစီမန်ဘက်က ငြင်းဆန်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် နာပိုလီအသင်းဟာ အိုစီမန်ကို စီးရီးအေလူစာရင်းက ချန်လှပ်ပြီး သူ့ရဲ့ကျောနံပတ်(၉)ကို တိုက်စစ်မှူးသစ် လူကာကူကို ပေးခဲ့တာပါ။ နာပိုလီအသင်းနည်းပြ ကွန်တီကိုယ်တိုင်က ရာသီကြိုကစတင်ပြီး သူတို့ရဲ့လူစာရင်းမှာ မပါဝင်ခဲ့တဲ့ အိုစီမန်ကို လူစာရင်းထဲပြန်လည်ထည့်သွင်းမှာမဟုတ်ဘူးလို့ အတည်ပြုထားတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဂါလာတာစာရေးအသင်းဟာ ဒီရာသီအကုန်ထိ အိုစီမန်ကို အငှားနဲ့ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ Sky Sports Italy က ဖော်ပြထားတာပါ။

ဂါလာတာစာရေးအသင်းဟာ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံးတစ်လကြာအနားယူရတဲ့ တိုက်စစ်မှူး အီကာဒီအတွက် နေရာအပြိုင်အဆိုင်ဖြစ်နိုင်မယ့် တိုက်စစ်မှူးကို ဈေးကွက်ထဲရှာဖွေနေပြီး အိုစီမန်က သူတို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းဟာ ဒီရာသီတူရကီစူပါလိဂ်(၃)ပွဲကစားအပြီးမှာ (၃)ပွဲစလုံးနိုင်ပွဲရရှိထားပြီး ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ကစားဖို့လည်း ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *