(၁၇)နှစ်ကြာကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မယ့် ဆွာရက်ဇ်

0

ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲတွေမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ နိုင်ငံတကာဘောလုံးသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ဆွာရက်ဇ်ကို အလွန်ဝမ်းနည်းနေတဲ့ အမူအရာနဲ့တွေ့ခဲ့ရပြီး သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတဲ့ပုံပေါ်နေပါတယ်။

လာမယ့် စက်တင်ဘာ(၆)ရက်(စနေ့နေ့)မှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ဥရုဂွေး-ပါရာဂွေးပွဲက မိမိရဲ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်လာမယ်လို့ ဆွာရက်ဇ်က အတည်ပြုပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ဒီလိုအနားယူဖို့အတွက် အချိန်ယူသုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ဒီအချိန်က အနားယူဖို့ သင့်တော်တဲ့အချိန်လို့ ထင်ပါတယ်။ ကျွန်တော်လက်ရွေးစင်အသင်းအတွက်နောက်ဆုံးပွဲကစားချိန်မှာ ၂၀၀၇ ခုနှစ်တုန်းက ပွဲဦးထွက်ပွဲကစားတုန်းကလိုပဲ စိတ်လှုပ်ရှားနေမယ်ထင်ပါတယ်”လို့ ဆွာရက်ဇ်က ပြောခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဥရုဂွေးလက်ရွေးစင်အသင်းအတွက် အသက်(၁၉)နှစ်အရွယ် ၂၀၀၇ ခုနှစ်ကတည်းက ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၁၄၂)ပွဲကစားပြီး (၆၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူ့အနေနဲ့ လက်ရွေးစင်ကစားသမားဘဝမှာ (၁၇)ကြာဖြတ်သန်းခဲ့ပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဆွာရက်ဇ်အနေနဲ့ ဥရုဂွေးအသင်းသမိုင်းတစ်လျှောက်မှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားပြီး ပွဲအများဆုံးကစားသူစာရင်းမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဥရုဂွေးအသင်းအတွက် ပွဲအများဆုံးကစားထားသူက နောက်ခံလူဂိုဒင်ဖြစ်ပြီး (၁၆၁) ပွဲကစားခဲ့တာကြောင့် ဆွာရက်ဇ်အနေနဲ့ ဒီစံချိန်ကို လိုက်မီဖို့ (၁၈)ပွဲအလိုမှာ အသင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *