ကက်စီမီရိုအတွက် စကားလုံးတိုက်ပွဲဖြစ်နေတဲ့ ကာရေဂါနဲ့ ဖာဒီနန်

0

လီဗာပူးလ်နောက်ခံလူဟောင်းဂျေမီကာရေဂါနဲ့ မန်ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်တို့ဟာ ကစားသမားဘဝမှာ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက် အသင်းနှစ်သင်းရဲ့ကစားသမားတွေဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နောက်ခံလူတွေဖြစ်ခဲ့ကြပါတယ်။

ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်လာတော့လည်း အင်္ဂလန်ဘောလုံးရုပ်သံလောကမှာ သဘောထားမတူတဲ့ အငြင်းပွားမှုတွေကို မကြာခဏတွေ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ်ပွဲအပြီးမှာလည်း သူတို့နှစ်ဦးရဲ့အငြင်းပွားမှုကို ပရိသတ်တွေတွေ့ရပြန်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းသွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးအတွက် အမှားအယွင်းများခဲ့တဲ့ မန်ယူနိုက်တက်ကွင်းလယ်လူကက်စီမီရိုကို ကာရေဂါက “ဘောလုံးက မင်းကို မစွန့်ခွာခင်မှာ မင်းက ဘောလုံးကို စွန့်ခွာလိုက်တော့”လို့ Sky Sports ရုပ်သံမှာ မှတ်ချက်ပြုဝေဖန်ခဲ့ပါတယ်။

ဒီဝေဖန်မှုကို ဖာဒီနန်က ဒေါသထွက်ခဲ့ပြီး တစ်ဖက်သားအပေါ်လေးစားမှုမရှိတဲ့ ဝေဖန်မှုလို့ သူ့ရဲ့ Rio Presents Show Radio Podcast အစီအစဉ်ကနေ တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ ကက်စီမီရိုလို ဘောလုံးလောကမှာ အောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့သူကို ကာရေဂါအနေနဲ့ လေးစားမှုရှိသင့်တယ်လို့ ဖာဒီနန်က ပြောခဲ့ပါတယ်။

“ဒါက တကယ်ကိုလေးစားမှုမရှိတဲ့ ဝေဖန်မှုလို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကက်စီမီရိုအနေနဲ့ ကစားသမားဘဝမှာ အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့သူတစ်ဦးဖြစ်လို့ပါ။ သူ အမှားတွေလုပ်ခဲ့ပေမယ့် သူလုပ်ခဲ့တဲ့အမှားအယွင်းတွေထက် သူ စွမ်းဆောင်ခဲ့တာ အများကြီးပိုများပါတယ်။ လီဗာပူးလ်ပွဲမတိုင်ခင် (၂)ပွဲမှာ သူက အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်သားကို ခြေစွမ်းမကောင်းဘူး။ သူ့ကစားသမားပြီးသွားပြီ။ သူကအတော်အိုနေပြီ အစရှိသဖြင့် ဝေဖန်ပြောဆိုတာ အတော်ကိုလွယ်ပါတယ်”လို့ ဖာဒီနန်က ပြန်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *