အေးဂျင့်နဲ့လမ်းခွဲခဲ့တဲ့ အိုစီမန် တူရကီလိဂ်ကို ဘာကြောင့်ရွေးချယ်ခဲ့ရတာလဲ

0

နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုစီမန်ဟာ နာပိုလီအသင်း စီးရီးအေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းက ဥရောပရဲ့အကျော်ကြားဆုံးတိုက်စစ်မှူးတွေထဲမှာ ပါဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဥရောပထိပ်တန်းလိဂ်(၅)ခု ပြင်ပက တူရကီလိဂ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

အိုစီမန် အသင်းပြောင်းရွှေ့ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ လက်ရှိကလပ် နာပိုလီအသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေတော့သလို ဒီအသင်းမှာ ဆက်ရှိနေရင် သူ့ကို နည်းပြကွန်တီက လူစာရင်းကပယ်ထုတ် (ဒါမှမဟုတ်) အရန်အဖြစ်ပဲ ထားမှာ သေချာနေလို့ပါပဲ။

သူ့အနေနဲ့ ဥရောပထိပ်သီးလိဂ်တွေကို မပြောင်းဘဲ တူရကီလိဂ်ကို ပြောင်းရွှေ့ခဲ့ရတာကလည်း အေးဂျင့်ဖြစ်သူ ရဲ့အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်။

အိုစီမန်ဟာ နာပိုလီအသင်းကနေ တူရကီကလပ် ဂါလာတာစာရေးအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့အေးဂျင့်ဖြစ်သူ ရော်ဘတ်တိုကာလန်ဒါနဲ့ လမ်းခွဲလိုက်ပါတယ်။

လမ်းခွဲရတဲ့အကြောင်းအရင်းက အေးဂျင့်ကာလန်ဒါဟာ မိမိကစားသမားရဲ့အနာဂတ်ကို ကောင်းမွန်အောင် စီမံခန့်ခွဲနိုင်ခြင်းမရှိလို့ပါပဲ။

အိုစီမန်ကို နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီး၊ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်အာလီအစရှိတဲ့အသင်းတွေက ခေါ်ယူဖို စိတ်ဝင်စားခဲ့ကြပေမယ့် အေးဂျင့်ကာလန်ဒါအနေနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် အချိန်မီဆောင်ရွက်မပေးနိုင်ခဲ့တာပါ။

အိုစီမန်အနေနဲ့ ဂါလာတာစာရေးအသင်းကို အငှားပြောင်းရွှေ့ကစားဖို့အတွက်ကိုတောင် သူ့ဘာသာသူဆက်သွယ်ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။ တူရကီလိဂ်က အခြားဥရောပလိဂ်ပြိုင်ပွဲတွေနဲ့မတူဘဲ နွေရာသီအပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁၃)ရက်နေ့အထိ ဖွင့်လှစ်ပေးထားတာကြောင့် ဒီလိဂ်ကို ရွှေ့ပြောင်းဖို့ အိုစီမန် အခွင့်အရေးရခဲ့တာပါ။

အေးဂျင့်ကာလန်ဒါရဲ့ နှေးကွေးတွေလုပ်ဆောင်မှုတွေကို ယုံကြည်ပြီး ဘာမှမလုပ်ဘဲထိုင်စောင့်နေရင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေရဲ့ အပြောင်းအရွှေ့ Deadline ကို ကျော်လွန်သွားတာကြောင့် နောက်ဆုံးမှာ အပြောင်းအရွှေ့မပိတ်သေးတဲ့ တူရကီလိဂ်ကို အိုစီမန်တစ်ယောက် အလောသုံးဆယ် ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အိုစီမန်အနေနဲ့ သူ့ရဲ့အေးဂျင့်လုပ်ဆောင်မှုတွေအပေါ်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး လမ်းခွဲခဲ့တာဖြစ်တယ်လို သတင်းတွေက ဖော်ပြကြပါတယ်။

အိုစီမန်အနေနဲ့ ဂါလာတာစာရေးအသင်းနဲ့ တစ်နှစ်အငှားစာချုပ်ခဲ့ပေမယ့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလရောက်ရင် အသင်းက ထွက်ခွာလိုရင် ထွက်ခွင့်ပြုဖို့ စာချုပ်ထဲမှာ အချက်တစ်ချက်အနေနဲ့ ထည့်သွင်းထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *