Ballon D’Or မှာ အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်-ဘာစီလိုနာနဲ့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဗင်နီစီယပ်စ်

0

၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တဲ့ Ballon d’Or ဆုကို နှစ်ပေါင်း(၆၈)နှစ်အတွင်း (Pandemic ဖြစ်ခဲ့တဲ့) ၂၀၂၀ ခုနှစ်ကလွဲလို့ နှစ်တိုင်းရွေးချယ်ချီးမြှင့်နေပြီး ဆုအရေအတွက်(၆၇)ကြိမ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။

ဒီ(၆၇)ကြိမ်ထဲမှာ ကလပ်အသင်းအလိုက် အကြိမ်အများဆုံးရယူဆွတ်ခူးနိုင်ခဲ့တာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်ပြီး ဒီ(၂)သင်းက ကစားသမားတွေက (၁၂)ကြိမ်စီ ဆွတ်ခူးခဲ့ကြတာပါ။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေနောက်မှာ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်ကစားသမားတွေက (၈)ကြိမ်စီ၊ ဘိုင်ယန်မြူးနစ်ကစားသမားတွေက (၅)ကြိမ်စီနဲ့ရှိနေကြပါတယ်။

အခုနှစ်အတွက် ရေပန်းအစားဆုံးကစားသမားစာရင်းမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီယပ်စ်က ထိပ်ဆုံးက ဦးဆောင်နေပြီး သူနဲ့ အဓိက ယှဉ်ပြိုင်ရမယ့် ကစားသမားက မန်စီးတီးအသင်းရဲ့စပိန်ကွင်းလယ်လူ ရိုဒရီတစ်ဦးသာရှိပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ဗင်နီစီယပ်စ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပြီး ရိုဒရီကတော့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ချန်ပီယဆုတွေ ရယူခဲ့တာပါ။

ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်တွေအတိုင်း ဗင်နီစီယပ်စ်ဟာ အခုနှစ်အတွက် Ballon d’Or ဆုကိုဆွတ်ခူးခဲ့မယ်ဆိုရင် ဒီဆုကို ကလပ်အသင်းအလိုက် ရယူနိုင်မှုမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၁၃)ကြိမ်မြောက် ရယူနိုင်တာဖြစ်လာမှာဖြစ်ပြီး ဘာစီလိုနာအသင်းကို တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်မှာပါ။

အခုနှစ်အတွက် Ballon d’Or ဆု ဆန်ခါတင်(၃၀)ဦးစာရင်းမှာ ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ အော်လ်မို၊ ယာမားလ်အစရှိသူတွေပါဝင်နေပေမယ့် အလေးပေးချက်တွေမှာတော့ ဗင်နီစီယပ်စ်နဲ့ များစွာကွာခြားနေကြပါတယ်။ ယာမားလ်အနေနဲ့ အခုနှစ်အတွက် လူငယ်ဆု ဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေပြီး လူငယ် Ballon d’Or ဆု အတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *