အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ပွဲမှာ ပထမဆုံးအနိုင်ရတဲ့ ဆမ်မာရီနို

0

အီတလီနိုင်ငံ မြေပုံကို ကြည့်ရင်မြောက်ပိုင်းမှာ ငါးလိပ်ကျောက်ပုံစံ အကွက်လေးတစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲဒီအကွက်လေးက ဆမ်မာရီနိုနိုင်ငံဖြစ်ပါတယ်။

ဧရိယာအကျယ်အဝန်းက (၆၁)စတုရန်းကီလိုမီတာလောက်သာရှိပြီး ပဲခူးမြို့သာသာလောက်ပဲကျယ်ဝန်းတဲ့ ဒီကုန်းပိတ်နိုင်ငံလေးမှာ လူဦးရေ(၃၃၀၀၀)ကျော်သာ နေထိုင်ပါတယ်။

နိုင်ငံလေးကသေးသလို ဘောလုံးလောကမှာလည်း ဆမ်မာရီနိုလက်ရွေးစင်ဘောလုံးအသင်းက အင်အားသေးငယ်တဲ့အသင်းတစ်သင်းအဖြစ်သာရှိခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ဆမ်မာရီနိုက လက်ချင်စတိန်းအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်က ပထမဆုံးနိုင်ငံတကာပွဲကို စတင်ကစားခဲ့ပြီး ၁၉၉၀ ခုနှစ်မှာမှ ဖီဖာအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့ ဆမ်မာရီနိုအသင်းအတွက် အသင်းသက်တမ်း(၃၇)နှစ်အတွင်းမှာ ဒီပွဲက ပထမဆုံးအနေနဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တာပါ။

ဆမ်မာရီနိုအသင်းဟာ သူတို့အသင်းသမိုင်းတစ်လျှောက်မှာ သရေပွဲအနည်းငယ်နဲ့ ရှုံးပွဲတွေသာရှိခဲ့ပေမယ့် နိုင်ငံတကာပွဲတွေကိုတော့ အမြဲမပြတ်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုမှာမဟုတ်ဘဲ ခြေစမ်းပွဲမှာ အနိုင်ရတာကလည်း တစ်ကြိမ်သာရှိခဲ့ပြီး ၂၀၀၄ ဧပြီလက နိုင်ငံတကာခြေစမ်းပွဲမှာ လက်ချင်စတိန်းအသင်းကိုပဲ (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒါကြောင့် အခု UEFA Nations League ပွဲစဉ်မှာ အနိုင်ရခြင်းက လက်ချင်စတိန်းကို နှစ်(၂၀)ကျော်ကာလအတွင်း ဒုတိယအကြိမ်မြောက် အနိုင်ရခြင်းဖြစ်ခဲ့ပါတယ်။ ဒီလို နိုင်ပွဲတစ်ပွဲပြန်ရဖို့အတွက်လည်း ဆမ်မာရီနိုအသင်းအနေနဲ့ နှစ်(၂၀)အတွင်း ပွဲပေါင်း(၁၄၀)ပွဲလောက် ကစားခဲ့ရပါတယ်။

အသင်းသမိုင်းမှာ ဒီလိုထူးခြားတဲ့နိုင်ပွဲရခဲ့လို့ ဆမ်မာရီနို ကစားသမားတွေ ပျော်ရွှင်မြူးတူစွာအောင်ပွဲခံနေပုံက ချန်ပီယံဆုရအသင်းတစ်သင်းရဲ့အောင်ပွဲခံပုံနဲ့ မခြားခဲ့ဘဲ သူတို့နိုင်ငံအတွက်တော့ ကြီးစွာသောအောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *