မန်ယူနိုက်တက်ကို တန်ဟတ် ဆက်ပြီးကိုင်တွယ်မလားဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့ ရက်ကလစ်ဖ် ငြင်းဆန်

0

မနေ့က မန်စီးတီး(၁-၂)မန်ယူနိုက်တက် FA ဖလားဗိုလ်လုပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို လာမယ့်ရာသီအသင်းမှာ နည်းပြအဲရစ်တန်ဟတ် ဆက်ပြီးရှိနေမလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ သူကဒီမေးခွန်းကို ဖြေဖို့ငြင်းဆန်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီရာသီမှာရလဒ်တွေဆိုးနေတဲ့ မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့ပြီး ဒီဆုဖလားဟာ သူ့ရဲ့ဒုတိယမြောက်ရာသီမှာ ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ဆုဖလားလည်းဖြစ်ခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့အနာဂတ်ကတော့ မရေမရာမှုတွေရှိနေပါတယ်။ FA ဖလားဗိုလ်လုပွဲမကစားခင်ကတည်းက ဘယ်လိုရလဒ်ပဲထွက်ထွက် မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ မန်ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြအချို့နဲ့ ဆွေးနွေးထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ FA ဖလားဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခဲ့ပြီး မန်ယူနိုက်တက်အသင်းဆုဖလားရယူဖို့ တက်ရောက်လာချိန်မှာ နည်းပြ အဲရစ်တန်ဟတ်ကို လက်ဆွဲနှုတ်ဆက်မှုခဲ့တာလည်းတွေ့ရပါတယ်။ ဆုပေးပွဲအခမ်းအနားအပြီး ဝင်ဘလေကွင်းရဲ့mixed zone ကိုဆာဂျင်ရက်ကလစ်ဖ် ထွက်ခွာလာချိန်မှာ သတင်းထောက်တစ်ဦးက အသင်းမှာ အဲရစ်တန်ဟတ်ဆက်ရှိမှာလားလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ ဆာဂျင်ရက်ကလစ်ဖ်ဟာ မေးခွန်းမေးတဲ့သူကို တစ်ချက်လှည့်ကြည့်ပြီး ထွက်ခွာသွားခဲ့တာပါ။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ မန်ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို အလိုမရှိဘူးဆိုရင် အခြားကလပ်အသင်းတွေဆီသွားပြီး ဆုဖလားတွေရသွားယူမယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *