ကလပ်ဂန္တဝင်တွေအပေါ် ဘာစီလိုနာရဲ့ ပြုမူဆက်ဆံပုံကို ဆန်းချက်ဇ်ဖလော့ရန့်စ် ဝေဖန်

0

ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြရာထူးက ထုတ်ပယ်လိုက်ပြီးနောက်မှာ ဆီဗီလာအသင်းနည်းပြ ဆန်းချက်ဇ်ဖလောရက်စ်က ကလပ်ရဲ့ဂန္ထဝင်တွေအပေါ် ဘာစီလိုနာအသင်းရဲ့ပြုမူဆက်ဆံပုံတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ ဇာဗီဟာ ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဆက်ရှိမယ်လို့ အတည်ပြုပြီးနောက်(၄)ပတ်အကြာမှာ ဘာစီလိုနာအသင်းရဲ့ထုတ်ပယ်ခြင်းကိုခံခဲ့ရတာပါ။

ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကို မီဒီယာတွေရှေ့မှာဖွင့်ဟခဲ့တာကြောင့် ကလပ်အသင်းအကြီးအကဲတွေကို ဒေါသထွက်စေခဲ့ပြီး နောက်ဆုံးမှာ ထုတ်ပယ်ခြင်းခံရဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဆီဗီလာအသင်းနည်းပြ ဆန်းချက်ဇ်ဖလောရက်စ်က ဇာဗီကို ထုတ်ပယ်တာအပါအဝင် ၂၀၂၁ က ကစားသမားဟောင်း ရော်နယ်လ်ကိုးမန်းကို နည်းပြရာထူးက ထုတ်ပယ်တာနဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ဘာစီလိုနာအသင်းကို ဝေဖန်ခဲ့တာပါ။

ဆန်းချက်ဇ်ဖလောရက်စ်က “ကျွန်တော် ဒီလိုမပြောသင့်ပေမယ့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ဂန္ထဝင်တွေကို ဆိုးဆိုးရွားရွားပြုမူဆက်ဆံခဲ့ပါတယ်။ တော်တော်လေးဆိုးရွားခဲ့တာပါ။ ကိုးမန်း၊ မက်ဆီနဲ့ အခု ဇာဗီတို့ဟာ ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရပါတယ်။ ကလပ်တွေဟာ သူတို့ရဲ့ဂန္ထဝင်တွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်ပါတယ်”လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

ဇာဗီဟာ ဒီရာသီစပိန်လာလီဂါနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ ပွဲစဉ်ကို ကိုင်တွယ်အပြီးမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာမှာပါ။ ဇာဗီကတော့ သူဟာ ဘာစီလိုနာအသင်းရဲ့ပရိသတ်အဖြစ်အမြဲတမ်းရှိနေမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ဘာစီလိုနာအသင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *