လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ စွန့်ခွာတော့မယ်လို့ မီဒီယာတွေဖော်ပြ

0

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဗြိတိန်သတင်းစာ Daily Mail မှာ ဆောင်းပါးရှင် ဂျာနယ်လစ် JACK GAUGHAN ရဲ့ရေးသားမှုကို ကျန်ဗြိတိန်မီဒီယာတွေက ကိုးကားပြီးဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

၂၀၁၆ နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီး မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဂွါဒီယိုလာဟာ လာမယ့်ရာသီကို သူ့ရဲ့မန်စီးတီးအသင်းနည်းပြဘ၀ နောက်ဆုံးရာသီအဖြစ်သတ်မှတ်ထားတယ်လို့ JACK GAUGHAN ကဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား(၁၅)ခုရယူပေးပြီး ကလပ်သမိုင်းမှာ အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးပြီး ဆက်ရှိစေချင်နေပါတယ်။

မန်စီးတီးအသင်းတာဝန်ရှိသူတွေဟာ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း လာမယ့်ရာသီအကုန်မှာ ဂွါဒီယိုလာထွက်ခွာမှာကို စိုးရိမ်မှုတွေရှိနေကြတာပါ။ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်တွေကို စတင်စဉ်းစားနေပြီဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မန်စီးတီးအသင်းဟာ ဂျီရိုနာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြ မီချဲလ်၊ဂျာမနီအသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားတဲ့ နာဂယ်လ်စမန်း၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ငြင်းပယ်ပြီး လေဗာကူဆင်အသင်းမှာ ဆက်ရှိနေတဲ့ ဇာဘီအလွန်ဆိုနဲ့ ဂွါဒီယိုလာကိုယ်တိုင်နှစ်သက်တဲ့ ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီတို့ကို အစားထိုးမယ့်နည်းပြလောင်းစာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။

ဂွါဒီယိုလာဟာ လာမယ့်ရာသီ မန်စီးတီးအသင်းကို ကိုင်တွယ်မယ်လို့ အတည်ပြုထားပေမယ့် အဓိက ကစားသမားအချို့ဟာ နွေရာသီမှာ ကလပ်ကနေ ထွက်ခွာဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းဂိုးသမား အီဒါဆန်နဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားတို့ကို ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ပစ်မှတ်ထားနေပြီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို အသင်းအချို့က စောင့်ကြည့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *