ကစားသမားဘ၀ နောက်ဆုံးအချိန်မှာ ငွေရှာဖို့ မန်စီးတီးက ထွက်ခွာနိုင်တယ်လို့ ဒီဘရိုင်းနားဆို

0

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက ကစားသမားဘဝနောက်ဆုံးအချိန်မှာ ငွေကြေးအလုံးအရင်းရယူနိုင်ဖို့အတွက် မန်စီးတီးအသင်းက ထွက်ခွာသွားနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် အနာဂတ်အတွက် ရွေးချယ်စရာတွေကို ရှာဖွေနေတာပါ။

ဆော်ဒီပရိုလိဂ်ရဲ့တာဝန်ရှိသူတွေဟာ ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်က ထွက်ခွာပြီး နိုင်ငံတွင်းလိဂ်မှာ လာရောက်ကစားစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက Mail Sport သတင်းမှာဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၃)သိန်းရရှိနေတဲ့ ဒီဘရိုင်းနားကိုယ်တိုင်ကလည်း ဆော်ဒီပရိုလိဂ်ရဲ့မယုံနိုင်လောက်စရာငွေကြေးပမာဏနဲ့ ကမ်းလှမ်းမှုကို သူပယ်ချဖို့ ခက်ခဲလိမ့်မယ်လို့ ဘယ်လ်ဂျီယံသတင်းစာ Het Laatste Nieuws နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဒီဘရိုင်းနားက “စာချုပ်က(၁)နှစ်ပဲကျန်တော့တဲ့အတွက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားရပါမယ်။ ကျွန်တော့်ရဲ့အသက်အရွယ်အရ အရာအားလုံးကို လမ်းဖွင့်ထားရပါမယ်။ ကျွန်တော်သာ (၂)နှစ်လောက်ကစားလိုက်ရင် မယုံနိုင်လောက်စရာငွေပမာဏကို ရရှိမှာပါ။ အဲ့ဒါကြောင့် ကျွန်တော် ဒါကိုစဉ်းစားရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဒီဘရိုင်းနားရဲ့မန်စီးတီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ မာရက်ဇ်နဲ့ လာပေါ့တ်တို့ကစားနေပြီး ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ မာနေးတို့လည်း ကစားနေတာပါ။ ဆော်ဒီပရိုလိဂ်ဟာ ဒီနွေရာသီမှာ ဒီဘရိုင်းနားအပြင် ဆာလာ၊ အီဒါဆန်တို့ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *