အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်ကစားသမား(၂)ဦးကို နာပိုလီအလိုရှိ

0

နာပိုလီအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်အသင်းကွင်းလယ်လူ စမစ်ရိုးလ်နဲ့ နောက်ခံလူ တိုမီယာဆုတို့ကို လိုချင်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။

အိုဆီမန်ဟာ နွေရာသီမှာ နာပိုလီအသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့ PSG အသင်း၊ပရီးမီးယားလိဂ်ကလပ်အချို့နဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေတာပါ။

Corriere dello Sport က နာပိုလီအသင်းဟာ အိုဆီမန်အတွက် စာချုပ်ဖျက်သိမ်းကြေး(Release Clause) ယူရိုသန်း(၁၃၀)သတ်မှတ်ထားပေမယ့် ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှုမရရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ အိုဆီမန်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေပြီး အာဆင်နယ်အသင်းဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ်ရှိနေတာပါ။

အဲ့ဒါကြောင့် နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက လိုချင်ခဲ့တဲ့ တိုမီယာဆုအပြင် စမစ်ရိုးလ်ကို အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် လိုချင်နေတာဖြစ်ပါတယ်။

စမစ်ရိုးလ်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အာတီတာလက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃)ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ အာဆင်နယ်အသင်းဟာ နွေရာသီမှာ စမစ်ရိုးလ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဖူလ်ဟမ်အသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကို ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာကြောင့် အိုဆီမန်အတွက် နောက်ထပ်ပြောင်းရွှေ့ကြေးသုံးစွဲပြီး ခေါ်ယူမလားဆိုတာ စဉ်းစားစရာအဖြစ်ရှိနေတာပါ။ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီးအသင်းကလည်း ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ငြိမ်သက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *