PSG အသင်းမှာရှိတဲ့ လူအချို့က မိမိကိုမပျော်ရွှင်အောင်လုပ်ခဲ့တယ်လို့ ဘာပေဆို

0

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့အတည်ပြုပြီးနောက် ပထမဆုံးပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ အသင်းဟောင်း PSG အသင်းမှာရှိတဲ့ လူအချို့က သူ့ကိုမပျော်ရွှင်အောင် လုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်(၃၀)ရက်အကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းထံ (၅)နှစ်စာချုပ်နဲ့ တရားဝင်ပြောင်းရွှေ့တော့မှာပါ။

ဘာပေဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ပြီးနောက် ရာသီကြိုခြေစမ်းပွဲခရီးထွက်တဲ့ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရသလို အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ PSG အသင်းဟာ ဘာပေကို တစ်ရာသီလုံးကစားခွင့်မပေးဖို့အထိ ဆုံးဖြတ်ခဲ့ပေမယ့် နည်းပြ လူးဝစ်အင်းနရစ်နဲ့ အားကစားဒါရိုက်တာ ကမ်ပို့စ်တို့ရဲ့ကယ်တင်မှုကြောင့်သာ PSG အသင်းမှာ ပြန်ပြီးကစားခဲ့ရတယ်လို့ ဘာပေက ပြောခဲ့တာပါ။

ဘာပေက ” PSG မှာ အချို့အရာတွေကြောင့် မပျော်ရွှင်ခဲ့ရပေမယ့် ကျွန်တော်ဟာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် ဒါကိုမပြသခဲ့ပဲ အကောင်းဆုံးလုပ်ဆောင်ဖို့သာ ကြိုးစားခဲ့ပါတယ်။ အချို့အရာတွေနဲ့ လူတွေကြောင့် ကျွန်တော်မပျော်ရွှင်ခဲ့ရပါဘူး။ အင်းနရစ်နဲ့ ကမ်ပို့စ်တို့သာ မကယ်တင်ရင် ကျွန်တော်ဟာ ကွင်းထဲမှာ ထပ်ပြီးခြေချရမှာမဟုတ်တော့ဘူး”လို့ ဆိုခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိ ဘာပေဟာ PSG အသင်းမှာ (၇)ရာသီကြာ ပွဲပေါင်း(၃၀၈)ပွဲကစားခဲ့ပြီး စံချိန်တင်(၂၅၆)ဂိုးသွင်းယူကာ ဆုဖလားပေါင်း(၁၅)ခုရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *