ဖိုဒန်ကို လုပ်ခလစာအများဆုံး ဗြိတိန်ကစားသမားဖြစ်လာမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ မန်စီးတီး စီစဉ်

0

မန်စီးတီးအသင်းဟာ အကယ်ဒမီထွက် ဖိုဒန်ကို လုပ်ခလစာအများဆုံးရရှိတဲ့ ဗြိတိန်ကစားသမားဖြစ်လာမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

စာချုပ်အသစ်အရ အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်ဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၃၇၅,၀၀၀)ရရှိမယ်လို့ သိရပါတယ်။

၂၀၂၃/၂၄ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အောင်ပွဲခံနေတဲ့ ဖိုဒန်

ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်(၄)ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ရာမှာ အဓိကအရေးပါတဲ့သူဖြစ်ပြီး သူဟာ လိဂ်ပြိုင်ပွဲမှာ (၁၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊အားကစားကလောင်ရှင်များအဖွဲ့ချုပ်ကပေးတဲ့ အကောင်းဆုံးကစားသမားဆုတွေကို ရယူနိုင်ခဲ့တာပါ။ ဖိုဒန်ဟာ ၂၀၂၂ က အပိုဆုကြေးအပါအဝင် တစ်ပတ်လုပ်ခပေါင်(၂)သိန်းကျော်နဲ့ မန်စီးတီးအသင်းမှာ ၂၀၂၇ ဇွန်အထိရှိမယ့် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ ဥရောပထိပ်သီးကလပ်အချို့က ဖိုဒန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအသင်းဟာ လုပ်ခလစာအများကြီးတိုးပေးပြီး စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ မန်စီးတီးအသင်းဟာ ဖိုဒန်ကို အသက်(၃၀)နှစ်ပြည့်မယ့် ၂၀၃၀ အထိစာချုပ်ချုပ်ကာ ဗြိတိန်ကစားသမားတွေထဲမှာ လုပ်လစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ရှိနေတာဖြစ်ပါတယ်။

ဖိုဒန်ဟာ လက်ရှိအချိန်မှာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းနဲ့အတူ ပူးပေါင်းပြီး ပြင်ဆင်နေတာကြောင့် မန်စီးတီးအသင်းဟာ ပြိုင်ပွဲအပြီးမှ ဖိုဒန်ကို စာချုပ်သစ်ကမ်းလှမ်းသွားဖို့ ရှိနေတာပါ။ ၂၀၁၇ ကတည်းက မန်စီးတီးအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဖိုဒန်ဟာ ပွဲပေါင်း(၂၇၀)ပွဲကစားထားပြီး (၈၇)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာဖြစ်ါပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *