ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံမဖြစ်ခဲ့ရင် မိမိရာထူးကနုတ်ထွက်မယ်လို့ ဆောက်ဂိတ်ဆို

0

အင်္ဂလန်လူမျိုးနည်းပြ ဆောက်ဂိတ်က ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုကို မရယူနိုင်ရင် နည်းပြရာထူးက သူ နုတ်ထွက်မယ်လို့ ဂျာမနီသတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဆိုခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့စာချုပ်ဟာ ဒီနှစ် ဒီဇင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတာပါ။

ဆောက်ဂိတ်ဟာ လက်ရှိအချိန်မှာ နည်းပြအဲရစ်တန်ဟတ်ရဲ့နေရာမှာအစားထိုးဝင်ရောက်ဖို့ မန်ယူနိုက်တက်အသင်းရဲ့ချိတ်ဆက်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ သူ့အနာဂတ်ကို ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှ ဆုံးဖြတ်မယ်လို့ ပြောထားပြီး အခုအချိန်မှာတော့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို မရယူနိုင်ရင် အင်္ဂလန်အသင်းနည်းပြရာထူးက နုတ်ထွက်မယ်လို့ ပြောလာခဲ့တာပါ။

ဆောက်ဂိတ်က “ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ အနိုင်မရခဲ့ရင် ကျွန်တော်လည်း ဒီနေရာမှာဆက်ရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲက နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်။ ပြိုင်ပွဲတစ်ခုပြီးရင် နိုင်ငံနည်းပြတစ်ဝက်လောက်က ထွက်ခွာသွားကြတာပါ။ ဒါကလည်း နိုင်ငံတကာဘောလုံးရဲ့သဘောသဘာဝပါ”လို့ ဆိုခဲ့ပါတယ်။

အသက်(၅၃)နှစ်အရွယ်ရှိ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူဟာ နိုင်ငံအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *