ယူရို- ၂၀၂၄ ပြိုင်ပွဲကို ကစားသမားတစ်ဦးအလျော့ခံပြီး သွားရောက်ဖို့ ဘယ်လ်ဂျီယံအသင်းဆုံးဖြတ်

0

ဘယ်လ်ဂျီယံအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစာရင်းကို အတည်ပြုခဲ့ပြီး ကစားသမား(၂၅)ဦးနဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နိုင်ငံအသင်းတွေကို ကစားသမား(၂၆)ဦးအထိ ခေါ်ယူခွင့်ပြုခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းဟာ ဒီပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ဖို့ ရွေးချယ်ထားတဲ့ ကစားသမား(၂၆)ဦးထဲက (၁)ဦးလျှော့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကို သွားရောက်မှာပါ။


ဘယ်လ်ဂျီယံအသင်းဟာ ဒီရက်သတ္တပတ်ထဲမှာ လူငယ်ကစားသမား(၂)ဦးကို လူစာရင်းထဲ ခေါ်ယူပြီးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်းမရှိဘဲ ကစားသမား(၂၅)ဦးနဲ့သာ ယူရို-၂၀၂၄ ပြိုင်ပွဲသွားဖို့ တီဒက်စ်ကိုက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တီဒက်စ်ကိုက သူတို့ဟာ ဂျာမနီကို ကစားသမား(၂၅)ဦးနဲ့ သွားရောက်ဖို့ ဆိုတာ အမြဲတမ်းရှင်းနေပြီးသားဖြစ်တယ်လို့ မီဒီယာသမားတွေကို ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ကြံ့ခိုင်မှုပိုင်းအတွက် စိုးရိမ်စရာတွေရှိနေတဲ့ နောက်ခံလူ ဗာတွန်ဂန်နဲ့ သီယာ့တို့ကို အပြီးသတ်လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။ ဗာတွန်ဂန်ဟာ ပေါင်ခြံပြဿနာရှိနေပြီး သီယာ့က ခြေချင်းဝတ်ပြဿနာရှိနေပေမယ့် နည်းပြ တီဒက်စ်ကိုက သူတို့ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ ဘယ်လ်ဂျီယံအသင်းကို မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာကူက ဒုအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းချန်ပီယံဆုရရှိအောင် လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား ကော်တိုအာကို ပဏာမလူစာရင်းမှာတောင် ရွေးချယ်ခံခြင်းမရှိတာပါ။ ဘယ်လ်ဂျီယံအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အုပ်စု(E)မှာ ဆလိုဗက်ကီးယား၊ရိုမေးနီးယား၊ယူကရိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *