ဒေါ့မွန်အသင်းနောက်ခံလူ အီယန်မတ်ဆန်ဟာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာကို နည်းပြ တာဇစ်က ကာကွယ်ခဲ့

0

မနေ့က ဒေါ့မွန်(ဝ-၂)ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းနောက်ခံလူ အီယန်မတ်ဆန်ဟာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာကို နည်းပြ တာဇစ်က ကာကွယ်ခဲ့ပါတယ်။

အီယန်မတ်ဆန်ဟာ သူ့ရဲ့အမှားအယွင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယမြောက်သွင်းဂိုးပေးခဲ့ရတဲ့အတွက် ဝေဖန်မှုတွေခံနေရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ အီယန်မတ်ဆန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ရဲ့ပထမပိုင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အီယန်မတ်ဆန်ဟာ ဒုတိယပိုင်းပွဲပြီးဆုံးဖို့ (၇)မိနစ်အလိုမှာ သူ့ရဲ့ဘောလုံးပေးပို့မှုအမှားအယွင်းကနေ ဗင်နီစီယပ်စ်က ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးသွင်းယူခဲ့တာပါ။ အီယန်မတ်ဆန်ဟာ သူ့ရဲ့အမှားအယွင်းကြောင့် ဝေဖန်မှုတွေခံနေရပေမယ့် နည်းပြ တာဇစ်က သူ့ရဲ့နောက်ခံလူဟာ တောက်ပတဲ့အနာဂတ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

တာဇစ်က “အီယန်ဟာ တင်းကျပ်နေတဲ့ အခြေအနေတွေမှာတောင် ဘောလုံးကို ရယူပြီး အရှိန်မြှင့်ကာ ရှေ့ဆက်သွားချင်တဲ့သူပါ။ ဒီလိုမျိုးလုပ်ရင် တစ်ခါတလေဘောလုံးဆုံးရှုံးသွားနိုင်ပါတယ်။ အီယန်အနေနဲ့ ဒီလိုအမှားကနေသင်ယူပြီး တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ သေချာတယ်”လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိ အီယန်မတ်ဆန်ဟာ ဒေါ့မွန်အသင်းအတွက် (၂၃)ပွဲပါဝင်ကစားခဲ့ပြီး (၃)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ ဒေါ့မွန်အသင်းဟာ အီယန်မတ်ဆန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းဆီကနေ အပြီးသတ်ခေါ်ယူချင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *