အင်္ဂလန်အသင်းရဲ့ ယူရို အပြီးသတ်လူစာရင်းမှာ ဂရီးလစ်ရှ်ကို နည်းပြဆောက်ဂိတ် ချန်လှပ်ဖွယ်ရှိ

0

မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ရဲ့အပြီးသတ်လူစာရင်းမှာ ချန်လှပ်ခံရဖွယ်ရှိနေပါတယ်။

ဂရီးလစ်ရှ်ဟာ အပန်းဖြေအနားယူနေတာကနေ စောစီးစွာပြန်လာပြီး ပဏာမကစားသမား(၃၃)ဦးနဲ့ စခန်းသွင်းလေ့ကျင့်နေတဲ့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။

အင်္ဂလန်အသင်း ပဏာမကစားသမား(၃၃)ဦးနဲ့အတူ စခန်းသွင်းလေ့ကျင့်နေတဲ့ ဂရီးလစ်ရှ်


ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲကစားခွင့်နည်းပါးခဲ့ပြီး နောက်ဆုံး(၅)ပွဲမှာ (၁၀)မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ဟာ မန်ယူနိုက်တက်အသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

အဲ့ဒါကြောင့် နည်းပြ ဆောက်ဂိတ်ဟာ ဂရီးလစ်ရှ်ကို အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အပြီးသတ်လူစာရင်းမှာ ပါဝင်လာဖို့အတွက် အာမခံခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဆောက်ဂိတ်က “ကျွန်တော်တို့ ဒါကို အတိအကျပြောလို့မရသေးဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့မှာ ဒီနေရာကစားနေတဲ့ ကစားသမားကောင်းတွေအများကြီးရှိပြီး သူတို့အားလုံးကလည်း ပြိုင်ဆိုင်နေကြပါတယ်။ ရာသီတစ်လျှောက်လုံးမှာ ဘယ်သူကအကောင်းဆုံးလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဂရီးလစ်ရှ်က တောက်ပနေပြီး ဒီမှာနေရတာကို နှစ်သက်တဲ့သူပါ”လို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဒီနေ့မှာ ကစားမယ့် ဘော့စနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယား၊လုပ်ခ်ရှောနဲ့ ဂျွန်စတုန်း၊တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ဂေါ်ဒွန်တို့ဟာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *