ဂျာမနီနဲ့ပွဲက အပြုအမူအတွက် ရောဘတ်ဆန်နဲ့ တီယာနေးကို ပရိသတ်တွေလှောင်ပြောင်

0

မနေ့က ဂျာမနီ(၅-၁)စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာ ကွင်းအတွင်း အောင်ပွဲခံသလို ပြုမူခဲ့တဲ့ စကော့တလန်အသင်းအသင်းခေါင်းဆောင် ရောဘတ်ဆန်နဲ့ နောက်ခံလူတီယာနေးတို့ကို ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်ခဲ့ကြပါတယ်။

နည်းပြ စတိဗ်ကလပ်ခ်ရဲ့စကော့တလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကို ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ရောက်ရှိလာခဲ့ပေမယ့် အိမ်ရှင်ဂျာမနီအသင်းကို ဂိုးပြတ်ခြေပြတ်အရေးနိမ့်ခဲ့တာပါ။

ဒီပွဲ စတင်ပြီး (၃)မိနစ်အကြာမှာ တီယာနေးဟာ ဂျာမနီအသင်းကွင်းလယ်လူ မူဆီယာလာဆီက ဘောလုံးကို ထောင့်ကန်ဘောမပေးရအောင် ဖျက်ထုတ်နိုင်ခဲ့ပြီးနောက် ရောဘတ်ဆန်က တီယာနေးကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်အပြီးနောက်ပိုင်းမှာ စကော့တလန်အသင်းဟာ ဂျာမနီအသင်းကို သွင်းဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပြီး ပထမပိုင်းမှာ (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ပရိသတ်တွေကတော့ ရောဘတ်ဆန်နဲ့ တီယာနေးတို့ အောင်ပွဲခံခဲ့တဲ့အဖြစ်အပျက်ကို ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်ရေးသားခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “ဒီကန်ချက်အကြောင်းကို မြေးတွေကို ပြောပြဖို့မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက “(၃)မိနစ်အကြာမှာ ဂိုးကန်သွင်းမှုကို ဂုဏ်ပြုခဲ့ကြပါတယ်။ ရွိုင်ကိန်းပြောသလိုပါပဲ ခင်ဗျားတို့အလုပ်ပြီးပြီ”လို့ ရေးသားကာ နောက်ထပ်တစ်ဦးက “ပွဲမှာ စကော့တလန်ရဲ့အကြီးမားဆုံးအောင်ပွဲခံမှု”လို့ ရေးသားလှောင်ပြောင်ခဲ့ကြတာပါ။

စကော့တလန်အသင်းဟာ အိမ်ရှင်ဂျာမနီအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် လက်ကျန်အုပ်စု(၂)ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားရတော့မှာပါ။ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က သူတို့ဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်သေးတဲ့အတွက် ပရိသတ်တွေအနေနဲ့ ယုံကြည်မှုကို ဆက်ထားရှိပေးဖို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *