အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဝေါ်ကာ ခန့်အပ်ခံရ

0

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်အဖြစ် မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာကို ခန့်အပ်ခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိ ဝေါလ်ကာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အိုင်းယက်စ်အသင်းကွင်းလယ်လူ ဟန်ဒါဆန်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရမှာပါ။

ဝေါလ်ကာဟာ အသင်းခေါင်းဆောင် ဟာရီကိန်းမပါဝင်နိုင်တဲ့ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဝေါလ်ကာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရတာပါ။

ဝေါလ်ကာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက အင်္ဂလန်နဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းတို့(၁)ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟာရီကိန်းအရန်ခုံပေါ်မှာသာရှိနေတဲ့အတွက် နိုင်ငံအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ်တာဝန်ယူခဲ့ရပါတယ်။

အီတလီလူမျိုးနည်းပြ ကာပယ်လိုကိုင်တွယ်နေတဲ့ ၂၀၁၁ နိုဝင်ဘာက စပိန်အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဝေါလ်ကာဟာ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ကစားသမား(၂၆)ဦးမှာ အသက်အကြီးဆုံးသူဖြစ်တာပါ။ ပြီးခဲ့တဲ့နွေရာသီက ဂျာမနီအသင်းကွင်းလယ်လူ ဂွန်ဒိုဂန်ထွက်ခွာသွားပြီးနောက် ဝေါလ်ကာဟာ မန်စီးတီးအသင်းမှာ လူ(၅)ဦးခေါင်းဆောင်မှုအဖွဲ့ရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ကွင်းလယ်လူ ဒီဘရိုင်းနားက မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူခဲ့ရတဲ့အတွက် ဝေါလ်ကာဟာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး ရာသီအကုန်မှာ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်(၄)ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဝေါလ်ကာဟာ အင်္ဂလန်အသင်းအတွက်(၈၃)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *