ဂျာမနီနဲ့ ရင်ဆိုင်ဖို့ စကော့တလန် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ စတိဗ်ကလက်ခ်ဆို

0

ဒီနေ့ကစားမယ့် ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က သူတို့ဟာ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုမရှိဘဲ ပွဲကိုချဉ်းကပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

နည်းပြစတိဗ်ကလက်ခ်ရဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲကြီးရဲ့ရှုံးထွက်အဆင့်ကို ရောက်ရှိမယ့် ပထမဆုံးစကော့တလန်အသင်းဖြစ်ဖို့အတွက် သမိုင်းသစ်ဖန်တီးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

စကော့တလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ယှဉ်ပြိုင်ကစားခဲ့တဲ့ အဓိကပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးကို ဒီပြိုင်ပွဲမှာ အဆုံးသတ်ချင်နေတာဖြစ်ပါတယ်။ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က ဥရောပချန်ပီယံဆုကို (၃)ကြိမ်ရယူထားတဲ့ အိမ်ရှင်ဂျာမနီအသင်းကို လေးစားမှာဖြစ်ပေမယ့် သူတို့ဟာ ဒီပွဲမှာ ရလဒ်ကောင်းရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။

စတိဗ်ကလက်ခ်က “ကွင်းထဲကို ဝင်ရောက်လိုက်တဲ့အချိန်မှာ ရလဒ်ကောင်းရယူနိုင်မယ်လို့ ခံစားရပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ လူတိုင်းကိုလေးစားပေမယ့် ဘယ်သူ့ကိုမှ ကြောက်မနေဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီရက်သတ္တပတ်အစောပိုင်းမှာ အသင်းခေါင်းဆောင် ရော်ဘတ်ဆန်နဲ့ တိုက်စစ်မှူး ရှန်လန်းဟာ ဒဏ်ရာပြဿနာကြောင့် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် နည်းပြစတိဗ်ကလက်ခ်က ကစားသမားအားလုံး ကြံ့ခိုင်မှုအပြည့်ရှိနေတယ်လို့ ပြောခဲ့တာပါ။ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် စကော့တလန်အသင်းကို အားပေးဖို့အတွက် သောင်းနဲ့ချီတဲ့ စကော့တလန်ပရိသတ်တွေဟာ ဂျာမနီနိုင်ငံကို ရောက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *