ဆားဘီးယားနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် ပုံစံအသစ်နဲ့ အောင်ပွဲခံခဲ့တာကို ဘယ်လင်ဂမ် ရှင်းပြ

0

မနေ့က အင်္ဂလန်(၁-ဝ)ဆားဘီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းဖော် အာနိုးလ်နဲ့အတူ အောင်ပွဲခံမှုပုံစံအသစ်ပြုလုပ်ခဲ့ပါတယ်။

ဘယ်လင်ဂမ်က ဒါဟာ အင်္ဂလန်အသင်းက ဝံပုလွေအဖွဲ့သားတွေအတွက် အောင်ပွဲခံမှုတစ်ခုလို့ ပွဲအပြီး BBC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းမှာလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒီပွဲရဲ့ပွဲချိန်(၁၃)မိနစ်မှာ တောင်ပံကစားသမား ဆာကာရဲ့ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး အင်္ဂလန်အသင်းကို နိုင်ပွဲရရှိစေခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ဂိုးသွင်းအပြီးမှာ သူ့ရဲ့အထင်ကရ အောင်ပွဲခံဟန်ဖြစ်တဲ့ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းတဲ့ ပုံစံကို ပြုလုပ်ခဲ့သလို အရင်က ပရိသတ်တွေမမြင်တွေ့ခဲ့ဖူးတဲ့ အောင်ပွဲခံမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ အာနိုးလ်နဲ့အတူ ဒူးတစ်ဖက်စီထောက်ပြီး လက်ကို မျက်နှာပေါ်တင်ကာ အောင်ပွဲခံခဲ့တာပါ။

ဒီအောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ဘယ်လင်ဂမ်က “ကျွန်တော်တို့တွေ အသင်းမှာ ဝံပုလွေ‌ဂိမ်းစ် (ဖဲချပ်ကဲ့သို့ ကစားရသော wolf card game) ကစားလေ့ရှိပါတယ်။ အဲဒီလို ကစားတဲ့အချိန်မှာ အသင်းဝန်ထမ်းတစ်ဦးက သူဘာဆက်လုပ်ရမှန်းမသိတဲ့အချိန်ဆိုရင် ဒီလို မျက်နှာကို လုပ်လေ့ရှိပါတယ်။ ဒီအောင်ပွဲခံပုံက အင်္ဂလန်အသင်းက ဝံပုလွေဂိမ်းစ်ကစားတဲ့အဖွဲ့အတွက်ပါ”လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် နောက်ကွယ်ကနေ နေ့တိုင်းအလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ဘယ်လင်ဂမ်က ဒီလိုအောင်ပွဲခံခဲ့တာပါ။ ဘယ်လင်ဂမ်ဟာ ဆားဘီးယားအသင်းနဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကို ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *