ဘရာဇီးလ်ကိုပါအမေရိကလူစာရင်းကို မိမိရဲ့ဝေဖန်မှုက ကြော်ငြာအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ရော်နယ်ဒင်ညိုဆို

0

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ညိုက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းအပေါ် သူ့ရဲ့ဝေဖန်မှုက အနံ့အသက်ပျောက်ဆေး Rexona အမှတ်တံဆိပ်ကို လူသိများစေဖို့ ကြော်ငြာလှုပ်ရှားမှုအစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့ရင်ထဲက စကားမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒင်ညိုဟာ သောကြာနေ့က Youtube မှာ ဘရာဇီးလ်အသင်းအပေါ်သူ့ရဲ့ချစ်မြတ်နိုးမှုတွေနည်းပါးလာပြီး လက်ရှိဘရာဇီးလ်အသင်းဟာ မိမိမြင်တွေ့ခဲ့ရသမျှ အဆိုးအရွားဆုံးအသင်းဖြစ်တယ်လို့ ရေးသားခဲ့တာပါ။

ရော်နယ်လ်ဒင်ညိုဟာ နောက်ပိုင်းမှာတော့ ဒီစကားတွေဟာ သူ့ရဲ့စကားတွေမဟုတ်ကြောင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့်အသင်းကို အားပေးမှုတွေပြုလုပ်သွားမယ်လို့ Instagram မှာ ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒင်ညိုက “ဘရာဇီးလ်အပေါ်အားပေးမှုကို ဘယ်တော့မှစွန့်လွှတ်သွားမှာမဟုတ်ပါဘူး။ ဘရာဇီးလ်ကို အားမပေးတော့ဘူးဆိုတဲ့ စကားက ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေဆီကနေ ပြန်လည်ကူးယူဖော်ပြခဲ့တာပါ”လို့ ရေးသားခဲ့တာပါ။

ရော်နယ်လ်ဒင်ညိုဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၉၉ ကိုပါအမေရိကဖလားနဲ့ ၂၀၀၂ ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ညိုဟာ ဘရာဇီးလ်အသင်းကို အားမပေးတော့ဘူးလို့ ပြောခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက ဒါဟာ အားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် သူဟာ ဗင်နီစီယပ်စ်ဆီကနေ ကိုပါအမေရိကဖလားပွဲစဉ်တွေကြည့်ဖို့ လက်မှတ်တောင်းခဲ့သေးတယ်လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ပါရာဂွေး၊ကော်စတာရီကာအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *