အင်္ဂလိပ်လိုဖြေဆိုဖို့ မေးမြန်းခံရပြီးနောက် အင်တာဗျူးဖြေတာကနေ ဒီဘရိုင်းနားထွက်ခွာ

0

မနေ့က ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယား ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ မီဒီယာသမားတွေရဲ့မေးမြန်းမှုတွေကို ဖြေဆိုနေချိန် သတင်းထောက်တစ်ဦးက မေးခွန်းတစ်ခုကို အင်္ဂလိပ်လိုဖြေဖို့ ပြောခဲ့ချိန်မှာ အင်တာဗျူးဖြေတာကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို တိုက်စစ်မှူး လူကာကူသွင်းယူခဲ့တဲ့(၂)ဂိုးကလည်း VAR ရဲ့ပယ်ဖျက်ခြင်းကို ခံခဲ့ရတာပါ။

အဲ့ဒါကြောင့် ဘယ်လ်ဂျီယံအသင်းအနေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် လက်ကျန်အုပ်စုပွဲစဉ်(၂)ပွဲဖြစ်တဲ့ ရိုမေးနီးယားနဲ့ ယူကရိန်းအသင်းတို့ပွဲတွေမှာ အနိုင်ရလဒ်ရယူဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ ဒီပွဲစဉ်မှာ သူတို့နိုင်ပွဲမရယူနိုင်ခဲ့လို့ စိတ်ပျက်နေပေမယ့် ပွဲအပြီး Mixed Zone မှာ စောင့်ဆိုင်းနေတဲ့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေဆိုဖို့ ရပ်တန့်ခဲ့တာပါ။

ဒီအချိန်မှာ သတင်းထောက်တစ်ဦးက “ကီဗင်ရေ ကျေးဇူးပြုပြီး ဒီတစ်ခုကို အင်္ဂလိပ်လိုဖြေပေးဖို့”ပြောခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားကတော့ မေးခွန်းမေးတဲ့သူကို ကြည့်ပြီး သူ့ရဲ့မျက်ခုံးကိုပင့်ကာ အင်တာဗျူးဖြေရာကနေ ထွက်ခွာသွားခဲ့တာပါ။ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ နှစ်ပေါင်းများစွာကစားခဲ့တာကြောင့် အင်္ဂလိပ်လိုကောင်းမွန်စွာပြောတတ်ပေမယ့် သူ့ရဲ့ဒီတုံ့ပြန်မှုကတော့ အံ့အားသင့်စရာကောင်းခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားက ဒီမတိုင်ခင် အင်တာဗျူးမှာ သူတို့အသင်းဟာ ဂိုးရဖို့ အခွင့်အရေးအများကြီး ရရှိခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်တယ်လို့ ဆိုခဲ့တာပါ။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်(၂၂)ရက်မှာ ရိုမေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *