ပွဲမကစားနိုင်ပေမယ့် အတွေ့အကြုံတွေဝေမျှဖို့ ဩစတြီးယားအသင်းနဲ့အတူ အလာဘာရှိနေ

0

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အလာဘာဟာ ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် သြစတြီးယားအသင်းရဲ့အပြီးသတ်လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပေမယ့် လက်ရှိမှာ သြစတြီးယားအသင်းနဲ့အတူ ဂျာမနီနိုင်ငံမှာရှိနေပါတယ်။

သြစတြီးယားအသင်းခေါင်းဆောင် အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကစားရင်း ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့် အခုအချိန်ထိပွဲကစားနိုင်ခြင်းမရှိသေးတာပါ။

အလာဘာဟာ ပွဲကစားနိုင်ခြင်းမရှိသေးပေမယ့် နည်းပြ ရန်းနစ်ခ်က သူ့ကို အသင်းနဲ့အတူတူရှိနေပေးဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် သြစတြီးယားအသင်းနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။

ဒီဇင်ဘာ(၁၇)ရက်ကတည်းက အနားယူနေခဲ့ရတဲ့ အလာဘာဟာ ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးတဲ့အတွက် ရန်းနစ်ခ်က သူ့ကို ယူရိုလူစာရင်းမှာ မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

သြစတြီးယားလက်ရွေးစင်သမိုင်းမှာ ဒုတိယမြောက်ပွဲအရေအတွက်အများဆုံးကစားထားတဲ့ အလာဘာကို နည်းပြ ရန်းနစ်ခ်က ပွဲမကစားရတဲ့အသင်းခေါင်းဆောင်အဖြစ်နဲ့ ဂျာမနီနိုင်ငံကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အလာဘာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ သြစတြီးယားအသင်းဖော်တွေထံ သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးသွားမှာပါ။

သြစတြီးယားအသင်းဟာ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် ဇွန်(၂၁)ရက်မှာ ကစားမယ့် ပိုလန်အသင်းနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *