ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ဘာပေ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ဒေးရွှမ့်စ် အတည်ပြု

0

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က အသင်းခေါင်းဆောင် ဘာပေဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တရားဝင်မီဒီယာနဲ့တွေ့ဆုံချိန်မှာ အတည်ပြုပြောခဲ့ပါတယ်။

ပြင်သစ်အသင်းက သြစတြီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဘာပေဟာ ပြိုင်ဘက်နောက်ခံလူရဲ့ပခုံးနဲ့ မျက်နှာထိခိုက်မိပြီး နှာခေါင်းရိုးကျိုးသွားခဲ့တာပါ။

အဲ့ဒါကြောင့် ဘာပေဟာ နှာခေါင်းကို ခွဲစိတ်ကုသမှုခံယူရလိမ့်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က လောလောဆယ် ခွဲစိတ်ကုသမှုခံယူဖို့ မလိုအပ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဘာပေအနေနဲ့ လာမယ့် ပြင်သစ်အသင်းရဲ့ယူရို-၂၀၂၄ ပွဲစဉ်တွေမှာ ပါဝင်မယ်ဆိုရင် မျက်နှာဖုံးတပ်ဆင်ပြီး ကစားရမှာပါ။

အခုအချိန်မှာတော့ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က ဘာပေဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒေးရွှမ့်စ်က “ဒီနေ့မှာ သူ့ရဲ့ ဆင့်ကဲဖြစ်စဉ်ကို သိနိုင်ဖို့အတွက် နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ ဘာပေအနေနဲ့ ခွဲစိတ်မှုကို အခုချက်ချင်းမလုပ်ရင်တောင် ပြိုင်ပွဲအပြီးမှာ ပြုလုပ်ရပါလိမ့်မယ်။ ဒီမနက်ပိုင်းမှာတော့ သူအနည်းငယ်ကောင်းမွန်နေပြီ”လို့ ဆိုခဲ့တာပါ။

ပြင်သစ်မီဒီယာတွေကတော့ ဘာပေဟာ နယ်သာလန်အသင်းနဲ့ ကစားမယ့် ပြင်သစ်အသင်းရဲ့အုပ်စုဒုတိယပွဲစဉ်ကို ပါဝင်ဖို့ မသေချာဘူးလို့ ဖော်ပြထားသလို အနည်းဆုံး(၁၅)ရက်အနားယူရမှာဖြစ်လို့ ပြင်သစ်အသင်းကွာတားဖိုင်နယ်ရောက်ရှိမှသာ ပြန်လည်ပါဝင်နိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *