ဝေဖန်မှုတွေခံနေရတဲ့ အာနိုးလ်နဲ့ ဖိုဒန်ကို အင်္ဂလန်ပွဲထွက်လူစာရင်းမှာ ဆောက်ဂိတ် ထပ်ပြီးအသုံးပြုဖွယ်ရှိ

0

ဒီနေ့ကစားမယ့် ဒိန်းမတ်-အင်္ဂလန် ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဝေဖန်မှုတွေခံခဲ့ရတဲ့ ကွင်းလယ်လူ အာနိုးလ်နဲ့ ဖိုဒန်ကို ပွဲထွက်လူစာရင်းမှာ ထပ်ပြီးအသုံးပြုလာဖို့ရှိနေပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့အတူ တွဲဖက်ပြီးအသုံးပြုခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းအရောက်မှာ အာနိုးလ်ကို ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂယ်လက်ဂါနဲ့ လူစားလဲမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ဟာ ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်အတွက် အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့မရှိတာကြောင့် အာနိုးလ်ဟာ သူ့ရဲ့နေရာကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေတာပါ။ အာနိုးလ်လိုပဲ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဝေဖန်မှုခံခဲ့ရတဲ့ ဖိုဒန်ဟာ အင်္ဂလန်အသင်းရဲ့ဘယ်အခြမ်းမှာ ဆက်ပြီးပွဲထွက်ခွင့်ရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် မသက်မသာခံစားခဲ့ရတဲ့ ထရစ်ပီယာကလည်း သူ့ရဲ့အင်္ဂလန်ကစားသမားဘ၀ ပွဲပေါင်း(၅၀)ပြည့်တဲ့ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ပွဲမှာ ပွဲထွက်ပါဝင်လာဦးမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောကတော့ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာဖို့ လုပ်ဆောင်နေတဲ့အတွက် ဒိန်းမတ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာပါ။

သတင်းတွေအရ လုပ်ခ်ရှောဟာ ဆလိုဗေးနီးယားအသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *