ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီလူစာရင်းမှာ ချန်လှပ်ခံရတဲ့ ဟမ်းမဲလ် ဂရိအသင်းအင်္ကျီနဲ့ လေ့ကျင့်မှုပြုလုပ်

0

ဒေါ့မွန်အသင်းနောက်ခံလူဟောင်း ဟမ်းမဲလ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် ဂရိအသင်းအင်္ကျီကိုဝတ်ဆင်ကာ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။

ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ်ရှာဖွေမှုတွေပြုလုပ်နေတာပါ။

ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဟမ်းမဲလ်ဟာ ကောင်းမွန်တဲ့ပုံစံတွေပြသနိုင်ခဲ့ပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အိမ်ရှင်ဂျာမနီအသင်းရဲ့အပြီးသတ်ကစားသမား(၂၆)ဦးစာရင်းမှာ ရွေးချယ်ခံရခြင်းမရှိတာပါ။

ဟမ်းမဲလ်ဟာ အားကစားခန်းမထဲပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုမှာ ဂျာမနီအသင်းရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ ဂရိအင်္ကျီကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဟမ်းမဲလ်က အားကစားအတွက် ဂျာစီရှာရတာခက်တယ်ဆိုပြီး စာရေးသားကာ ဂရိအင်္ကျီကို ဝတ်ဆင်ထားတဲ့ပုံကို သူ့ရဲ့Instagram မှာ တင်ခဲ့တာပါ။ ဟမ်းမဲလ်ဟာ ယူရိုပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းက ချန်လှပ်ခံရပြီးနောက် သူဟာ ဂျာမနီနိုင်ငံရဲ့အကောင်းဆုံးနောက်ခံလူ(၅)ဦးထဲမှာ ပါဝင်တယ်လို့ ပြောထားပါတယ်။

ဟမ်းမဲလ်ဟာ လက်ရှိအချိန်မှာ စပိန်ကလပ် မာယော့ကာအသင်းအပါအဝင် အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေခံနေရပြီး သူ့ရဲ့အနာဂတ်ကို အခုထိ ဆုံးဖြတ်ချက်ချရခြင်းမရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *