ဆောက်ဂိတ်နဲ့ ကိုးလ်ပါမားတို့ကြား အဆင်မပြေဖြစ်ခဲ့တဲ့ အခိုက်အတန့်ကို ပရိသတ်တွေမြင်တွေ့ခဲ့ရ

0

မနေ့က ဒိန်းမတ်(၁-၁)အင်္ဂလန် ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ လူငယ်ကြယ်ပွင့် ကိုးလ်ပါမားတို့ကြားမှာ အဆင်မပြေတဲ့အခိုက်အတန့်ကို ပရိသတ်တွေ မြင်တွေ့ခဲ့ကြပါတယ်။

ကိုးလ်ပါမားဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဒါပေမယ့် ကိုးလ်ပါမားဟာ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ အုပ်စုပွဲစဉ်(၂)ပွဲစလုံး လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ကစားခွင့် မရရှိသေးတာဖြစ်ပါတယ်။ ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့တိုက်စစ်ပိုင်းဟာ အားရစရာမကောင်းခဲ့တာကြောင့် နည်းပြ ဆောက်ဂိတ်ဟာ တိုက်စစ်ပိုင်းကို လူစားလဲမှုတွေ ပြုလုပ်ခဲ့ရာမှာ ကိုးလ်ပါမားကို အသုံးပြုခဲ့ခြင်းမရှိပဲ ဘိုဝင်၊ ဝက်ကင်စ်နဲ့ အီဇီတို့ကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲအပြီးမှာ ကိုးလ်ပါမားကို နည်းပြဆောက်ဂိတ်က လက်ဆွဲနှုတ်ဆက်မှုပြုလုပ်ခဲ့ရာမှာ ကိုးလ်ပါမားဟာ နည်းပြရဲ့မျက်နှာကို ကြည့်ခဲ့ခြင်းမရှိတာကို ရုပ်သံတွေက အမိအရမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုးလ်ပါမားဟာ နည်းပြဆောက်ဂိတ်ကို အလွန်စိတ်ပျက်နေကြတယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ကြပြီး သူတို့ရဲ့မှတ်ချက်တွေကို ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြဆောက်ဂိတ်အနေနဲ့ ကိုးလ်ပါမားကို အသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *