ယူရို-၂၀၂၄ ပြိုင်ပွဲစည်းမျဉ်း အသစ်ကြောင့် အယ်လ်ဘေးနီးယားနဲ့ပွဲကို ရိုဒရီလွဲချော်

0

မနေ့က စပိန်(၁-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့ စပိန်အသင်းကွင်းလယ်လူ ရိုဒရီဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

ရိုဒရီဟာ စပိန်အသင်းက ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အဝါကတ်ပြသခံခဲ့ရတာပါ။

ပြိုင်ပွဲတစ်ပွဲမှာ အဝါကတ်(၂)ကြိမ်ပြသခံရတဲ့ ကစားသမားဟာ လာမယ့်ပွဲစဉ်ကို လွဲချော်မှာဖြစ်လို့ ရိုဒရီဟာ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ဒီပြိုင်ပွဲမတိုင်ခင် စည်းမျဉ်းအများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။ အကြီးအမားဆုံးအပြောင်းအလဲတစ်ခုကတော့ ဒိုင်လူကြီးတွေအပေါ် ဖိအားနည်းစေဖို့ရည်ရွယ်ခဲ့တာပါ။ ဒါကတော့ UEFA ဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအတွက် အသင်းခေါင်းဆောင်တွေကိုသာ ဆွေးနွေးဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အသင်းခေါင်းဆောင်တွေကလွဲပြီး ဘယ်ကစားသမားတွေမဆို ဒိုင်လူကြီးထံ ချဉ်းကပ်ပြီး မကျေနပ်တဲ့ပုံစံတွေကို ပြသမယ်ဆိုရင် အဝါကတ်ပြသပြီး သတိပေးခံရမှာပါ။ ရိုဒရီဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမပြီးဆုံးခင်မှာ စောဒကတက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စပိန်အသင်းဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရိုဒရီမပါဝင်ဘဲ ယှဉ်ပြိုင်ရတော့မှာပါ။

စပိန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့Round of 16 ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်တာကြောင့် ရိုဒရီဟာ ဒီပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *